ရခိုင်ပြည်နယ်၏ အလှအပပုံရိပ်များကို ဖော်ကျူးသည့် ဓာတ်ပုံပြိုင်ပွဲကျင်းပရက် တိုးမြှင့်သတ်မှတ်





ရခိုင်ပြည်နယ်၏ အလှအပပုံရိပ်များကို ဖော်ကျူးသည့် ဓာတ်ပုံပြိုင်ပွဲကျင်းပရက် တိုးမြှင့်သတ်မှတ်


Ministry of Information/ rakhine / January 18, 2019
image_latest


ရန်ကုန် ဇန်နဝါရီ ၁၇

ရခိုင်ပြည်နယ်၏ အလှအပပုံရိပ်များကို ဖော်ကျူးပြသမည့် “My Beautiful Rakhine” ဓာတ်ပုံပြိုင်ပွဲအတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် ဓာတ်ပုံများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိ သတ်မှတ်ထားရာမှ ယခုအခါ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်အထိ လက်ခံတိုးမြှင့်၍ ရွေးချယ်ပေးသွား မည်ဖြစ်ကြောင်း mango media မှ သိရသည်။

ဓာတ်ပုံပြိုင်ပွဲ ဖြစ်မြောက်ရေး အတွက် mango media မှ ပါဝင် ဆောင်ရွက်သူ မဆုအိန္ဒြေလင်းက “ရခိုင်ပြည်နယ်ရဲ့ သဘာဝအလှတွေ၊ ရှုခင်းတွေ၊ နောက်..ရခိုင်ပြည်နယ်ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို အဓိက ရိုက်ပြရမှာဖြစ်တယ်။ ပြိုင်တဲ့အခါ ဓာတ်ပုံဆရာမှ မဟုတ်ဘူး ကြိုက်တဲ့သူရိုက်လို့ရပါတယ်။ ဖုန်းနဲ့ပဲ ရိုက်ရိုက်၊ ဒရုန်းကင်မရာနဲ့ပဲ ရိုက်ရိုက် ရပါတယ်။ ဓာတ်ပုံတော့ ပြင်ခွင့်မရှိပါဘူး။ အားလုံးယှဉ်ပြိုင်နိုင်သလို ပညာရှင်၊ ဝါသနာရှင်ဆိုပြီး အတန်းအစားမခွဲထားပါဘူး” ဟုပြောသည်။

“My Beautiful Rakhine” ဓာတ်ပုံပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့ တရားဝင် အသုံးပြုလျက်ရှိသည့် facebook, Instagram အကောင့်များမှ #mybeautifulrakhine, #mpsrakhine ဟု (#) တွဲ၍ မိမိအကောင့်တွင် Public ဖြင့် တင်၍ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ အဆိုပါ ဓာတ်ပုံပြိုင်ပွဲကို မြန်မာနိုင်ငံ ဓာတ်ပုံအသင်းနှင့် mango media တို့မှ ပူးပေါင်းစီစဉ်ကျင်းပခြင်း ဖြစ်ပြီး ပထမဆုငွေကျပ်ကျပ် ၁၀ သိန်း၊ ဒုတိယ ဆု ငွေကျပ် ငါးသိန်း၊ တတိယဆု ငွေကျပ်ကျပ်နှစ်သိန်းခွဲနှင့် နှစ်သိမ့်ဆု ၁၀ ဆုအတွက် ငွေကျပ်ကျပ် တစ်သိန်းစီ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဓာတ်ပုံပြိုင်ပွဲက ဒီဂျစ်တယ် ဆိုတော့ အဓိကပြိုင်ရမှာ ဆိုရှယ်မီဒီယာ ဖြစ်တဲ့ facebook နဲ့ instagram မှာ ပြိုင်ရမှာ။ အကောင့်တုတွေကို လက်မခံဘူး။ ကိုယ်ပိုင်အကောင့်နဲ့ ပြိုင်ရမှာပါ။ နောက်ကိုယ်ရိုက်ခဲ့တဲ့ နေရာကို ဖော်ပြပေးရမယ်။ စစ်တွေမှာလား၊ ငပလီမှာလား ၊မြောက်ဦးမှာလားပေါ့။ ဓာတ်ပုံကလည်း အရေအတွက် ကန့်သတ်ချက်မရှိပါဘူး။ ကြိုက်သလောက် ပြိုင်လို့ရပါတယ်။ ဒါကိုကျွန်မတို့က #mybeautifulrakine, #mpsrakhine ဆိုတာနဲ့ ပြန်ရှာပြီး ရွေးချယ်ပေးမှာပါ” ဟု မဆုအိန္ဒြေလင်းက ပြောသည်။

ဓာတ်ပုံပြိုင်ပွဲသည် ရခိုင်ပြည်နယ်တွင် တွေ့ မြင်ရနိုင်သော အရာများကို အဓိကရိုက်ကူးရမည်ဖြစ်ပြီး ရခိုင် ပြည်နယ်ရှိ လူသိများသော Landmark ၊ ရှုခင်းများ၊ ရိုးရာဓလေ့ယဉ်ကျေးမှုများ၊ လူနေမှုများ ရိုက်ကူးယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ မဆုအိန္ဒြေလင်း က” ရခိုင်ပြည်နယ်ရဲ့ ပုံရိပ်က ကျဆင်းသလို ဖြစ်နေတယ်၊ #rakhine လို့ရှာလိုက်ရင် အဆိုးပုံရိပ်တွေပဲ တက်သလိုဖြစ်နေတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့ လူမသိသေးတာရော၊ သိပြီးသား အလှတွေနဲ့ဓလေ့တွေကို ပြချင်တာပါ။ ဒါကြောင့် ကျွန်မတို့က အဲဒီဓာတ်ပုံတွေ ကိုဝက်ဘ်ဆိုက်မှာလည်း တင်မယ်။ အဓိက ကတော့ နိုင်ငံခြားသားတွေ မြင်တဲ့အခါ ရခိုင်ဟာ သူတို့ထင်သလို မဟုတ်ပါလား ဆိုတာကို သိစေချင်လို့ပါ” ဟု ပြောသည်။

“My Beautiful Rakhine”ဓာတ်ပုံပြိုင်ပွဲတွင် နိုင်ငံတော်၏ မူဝါဒ၊ ဥပဒေနှင့် ငြိစွန်းသောပုံများ၊ မြန်မာ့ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သောပုံများ၊ ရခိုင်ပြည်နယ်၏ ယဉ်ကျေးမှု၊ လူနေမှုသဘာဝအလှနှင့် ကောင်း သတင်းကို ထိခိုက်စေနိုင်သောပုံများအားဓာတ်ပုံ ပြိုင်ပွဲစိစစ်ရေးအဖွဲ့မှ စဉ်းစားမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဓာတ်ပုံအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင်ယှဉ်ပြိုင်မည့် ဓာတ်ပုံများ ပေါ်တွင်လည်း စာများ၊ logo များ၊သင်္ကေတများ အပါအဝင် မည်သည့် အမှတ်အသားမျိုးမှ ထည့်သွင်းခြင်း မပြုရန် အသိပေးထားသည်။

ညွန့်ကိုကို