နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အား ရိုးရာအစဉ်အလာနှင့်အညီ မနောအကစုပေါင်းဆင်နွှဲ၍ ဖွင့်လှစ်ပေး


Government Directory/ naypyitaw / January 10, 2024


မြစ်ကြီးနား ဇန်နဝါရီ ၉

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ဌာနေတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်ခြင်းကို ဖော်ထုတ်ပြသသည့် မနောအကဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ဒေါက်တာမှုထန်၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးဉာဏ်ထွန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များက ရိုးရာသံစုံတီးဝိုင်း၊ ဧည့်ကြိုသီချင်း၊ ဧည့်ကြိုအကတို့ဖြင့် နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ဦးစွာ (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားနှင့် မနောပွဲတော်အား ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပနိုင်ရေး ကက်သလစ်အသင်းတော်မှ ဖာသာတန်ဂျီးက ကျမ်းစာပိုဒ်ဖတ်ကြား ဆုတောင်းခြင်း၊ သိက္ခာတော်ရဆရာ ဦးGဇုန်းချန်းက ဆုတောင်းဆက်ကပ်အပ်နှံခြင်း၊ သီတာနှစ်ခြင်းအသင်းတော် သိက္ခာတော်ရဆရာ ဦးမဒိန်ဇုန်းကျန်းက ကောင်းချီးပေးဆုတောင်းခြင်းများ ဆောင်ရွက်ကြပြီး ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲနှင့် မနောပွဲအားစတင်ကြောင်း ကြေညာကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုတိယဝန်ကြီးတို့က မနောပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စုခြောက်မျိုး၊ ရှမ်းမျိုးနွယ်စု ငါးမျိုးနှင့်ဗမာတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသားသင်တန်းသူများ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများက မနောအက ဦးဆောင်သူနောင်ရှောင်(Nau Shawng)များ၏ ဦးဆောင်မှုနှင့်အတူ ရိုးရာအစဉ်အလာနှင့်အညီ မနောကွင်းအတွင်း မနောအကကို တပျော်တပါးစုပေါင်းဆင်နွှဲသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့ဝင်များသည် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့်ဌာနဆိုင်ရာ ပြခန်းများနှင့် ဟင်းသီးဟင်းရွက်နှင့် ဒေသထွက်ကုန်ပစ္စည်း ပြခန်းများကို စိတ်ဝင်တစား လှည့်လည်ကြည့်ရှုအားပေးကြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ကောင်စီဝင်ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်း၊ ဦးလှမိုး၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမျိုးသန့်၊ ဒေါက်တာ သက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း တည်ဆောက်လျက်ရှိသည့် ဗလမင်းထင်အမှတ်(၂)တံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားကွင်းအတွင်းရှိ ငြိမ်းချမ်း သာယာရေကူးကန်သို့ သွားရောက်ပြီး အခြေခံရေကူးနည်း သရုပ်ပြခြင်းနှင့် အသက်အရွယ်အလိုက် ရေကူးနည်းလေးမျိုးဖြင့် ရေကူးပြိုင်ပွဲများ ကျင်းပနေမှုကို ကြည့်ရှုအားပေးကာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဆုရရေကူးအားကစားသမားများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ယဉ်ကျေးမှုပြတိုက်သို့သွားရောက်ပြီး ယဉ်ကျေးမှုပြတိုက်အတွင်း ဌာနေတိုင်းရင်းသားတို့၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ လူမှုအသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များ၊ တူရိယာပစ္စည်းများ စသည့် ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကိုလည်းကောင်း၊ ရမ်ပူရပ်ကွက်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား MSME လုပ်ငန်းဖြစ်သည့် ဂျိန်းဖော့သူရက်ကန်းရုံ၌ ကချင်ရိုးရာအဝတ်အထည်များကို စက်ရက်ကန်း၊ လက်ရက်ကန်းစင်များဖြင့် ရက်လုပ်နေမှုများကိုလည်းကောင်း၊ မြို့သစ်ကြီးရပ်ကွက်အတွင်း MSME လုပ်ငန်းတစ်ခုဖြစ်သည့် တစ်နေရာတည်း တွင် ဝန်ဆောင်မှု အပြည့်အဝပေးနိုင်သည့် Safe & Sure Auto Service Centre ၌ ခေတ်မီစက်ပစ္စည်းများဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု အားပေးကြသည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာမှုထန်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးဉာဏ်ထွန်း၊ Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံထောင့်စုံမှ စွမ်းစွမ်းတမံဆောင် ရွက်ပေးခဲ့သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ပွဲသို့ တက်ရောက်ကြသည်။

ဆက်လက်၍ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုများကို ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမင်း နောင်၊ ဦးဉာဏ်ထွန်း၊ Jeng Phang နော်တောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု(ဒုတိယအဆင့်) ဆုရ ၂၂ ဦးကို ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက လူမှုရေးဆိုင်ရာထူးချွန်ဆု (ဒုတိယအဆင့်)ဆုရရှိသူ ၁၆ ဦးနှင့် အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများမှ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲဆုရရှိသူများနှင့် စီမံခန့်ရေးဆိုင်ရာ ထူးချွန်ဆု(တတိယအဆင့်) ဆုရသူခုနစ်ဦးတို့ကို ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ကြသည်။

ကြည့်ရှုအားပေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်ဘောလုံးကွင်းအတွင်း (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်သည့် လက်ဝှေ့ပြိုင်ပွဲ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ အမျိုးသား/အမျိုးသမီး ဂိုးလတ်ဘောလုံးပြိုင်ပွဲ၊ Fitness Dance ပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်