Judicial College အဆောက်အဦ (၂) ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား ကျင်းပ


The Supreme Court of the Union/ Naypyitaw / December 06, 2020


နေပြည်တော်၊ ဒီဇင်ဘာ ၆
 
ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College အဆောက်အဦ (၂) ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ နေကြာလမ်းရှိ အဆိုပါ အဆောက်အဦ တည်ဆောက်မည့်နေရာ မင်္ဂလာ မဏ္ဍပ်၌ ယနေ့နံနက် (၀၈:၀၀) နာရီအချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID -19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်ခဲ့သည်။
​​​​​​​         
 
​​​​​​​         
 
အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသည့် ဦးသာဌေး၊ ဦးမြင့်အောင်၊ ဦးအောင်ဇော်သိန်း၊ ဦးမြဟန်၊ ဦးမျိုးတင့်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည်၊ ဦးမျိုးဝင်းတို့က ပန္နက်တော်တင် တွင်းတော်ဝန်းပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။
​​​​​​​         
 
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပန္နက်တော်တင် တွင်းတော်ဝန်း အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ထုံးတမ်းအစဉ်အလာအတိုင်း ဆောင်ရွက်ပေးပြီး ရတနာ ရွှေမိုးငွေမိုး ရွာသွန်းပေးခဲ့သည်။
​​​​​​​         
 
ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ Judicial College အဆောက်အဦ (၂) ဆောက်လုပ်မည့် ပရဝုဏ်အတွင်း လှည့်လည် ကြည့်ရှုခဲ့သည်။
​​​​​​​
အဆိုပါ Judicial College အဆောက်အဦ (၂) ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အကောင်အထည်ဖော် ဆောင်ရွက်​​နေသည့် ၂၀၁၈ - ၂၀၂၂ (၅) နှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း၊ တတိယနှစ်လုပ်ငန်းအစီအစဉ် (၂၀၂၀) ၏ မဟာဗျူဟာ လုပ်ငန်းနယ်ပယ် (၄)၊ မဟာဗျူဟာ ရည်မှန်းချက် ၄.၄၊ မဟာဗျူဟာ အစီအစဉ် ၄.၄.၁ နှင့်အညီ စီမံကိန်း ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
 
​​​​​​         
 
         
 
ယင်းအဆောက်အဦမှာ အလျား (၁၆၄) ပေ၊ အနံ (၁၂၆) ပေရှိ သံကူကွန်ကရစ် သုံးထပ် အဆောက်အဦဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့ (၄) က တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်သည်။
​​​​​​​