COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများနှင့် လှူဒါန်းမှုပစ္စည်းများအား လှူဒါန်းခြင်း


Ministry of International Cooperation/ Nay Pyi Taw / July 08, 2020


(၈-၇-၂၀၂၀ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်မှ ၈-၇-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) (၁၅၃၀) နာရီတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး-၂၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြင့်ထွေးထံသို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မြန်မာသံရုံး၊ ကင်ဘာရာမြို့၊ မြန်မာသံရုံး၊ ဂျကာတာမြို့၊ မြန်မာသံရုံး၊ မော်စကိုမြို့၊ မြန်မာသံရုံး၊ နယူးဒေလီမြို့၊ မြန်မာသံရုံး၊ ပါရီမြို့၊ မြန်မာသံရုံး၊ တိုကျိုမြို့၊ မြန်မာကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို၊ မြန်မာကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျကာတာမြို့နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့တို့မှ ပေးပို့ထားသော အလှူငွေစုစုပေါင်း ကျပ် ၁,၅၀၀,၀၀၀ (ကျပ် တစ်ဆယ့်ငါးသိန်းတိတိ)နှင့် အမေရိကန်ဒေါ်လာ (၆၇၀၀) တို့ကိုလည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့အခြေစိုက် ရွှေချိုက်ကုမ္ပဏီ (Kunming Cuicai Trading Co.Ltd)က နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းသော အလှူငွေ ကျပ် ၁၈,၅၈၇,၀၀၀/- (ကျပ် တစ်ရာရှစ်ဆယ့်ငါးသိန်းရှစ်သောင်း ခုနှစ်ထောင်တိတိ) တို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့အပြင် လှူဒါန်းမှုပစ္စည်းများအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ 95 Mask (၃၀၀၀) ခု နှင့် Surgical Mask (၁၀၀၀၀) ခု တို့ကိုလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လှူဒါန်း ထားသော ထိုင်းနိုင်ငံအခြေစိုက် ZMW Solution မှ CEO ဦးဇော်မိုးဝင်းမှလှူဒါန်းသည့် PPE ဝတ်စုံ (၃၀) စုံနှင့် Face Shield (၃၀၀) ခု နှင့် ဂျပန်နိုင်ငံရှိ Japan YUAI Foundation၊ Amazing Asia Association နှင့် Saitama ပြည်နယ်မှ Yoshinosato (Health and Welfare) Group တို့မှ လှူဒါန်းသည့် Mask (၁၄၉၀၀) ခု တို့ကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်မှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။