ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းနှင့်ပူးပေါင်း၍ နေပြည်တော် ကလေးပြုစုရေးဌာနဆောက်လုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Social Welfare, Relief & Resettlement/ nay pyi taw / September 18, 2018


ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဦးဆောင် မတည်၍ မွေးစမှ(၆)လအရွယ်ထိရင်ခွင်မဲ့ကလေးငယ်များအတွက် နေပြည်တော်တွင် လူဦးရေ (၁၀၀)ဆံ့ ကလေးပြုစုရေးဌာန(၁)ခုဆောက်လုပ်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။
    အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးအောင်ကအဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မွေးကင်းစအရွယ်မှသက်ကြီးရွယ်အိုအထိကလေးသူငယ်၊အမျိုးသမီးများ၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိရာရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းအနေဖြင့်ထဲထဲဝင်ဝင်ပါဝင်ကူူညီဆောင်ရွက်ခဲ့သည့်အတွက်များစွာကျေးဇူးတင်ရှိပါကြောင်း၊ လူမှုဝန်ထမ်း ကလေးပြုစုရေးဌာနများအမှန်တကယ်လိုအပ်နေပါကြောင်း၊ပရဟိတများတွင်စောင့်ရှောက်ထားသော်လည်းစနစ်တကျဖြစ်ရန်အားနည်းချက်များရှိသည်ကိုတွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စံပြအနေဖြင့် ဖောင်ဒေးရှင်းချပေးရန်လိုအပ်ပါကြောင်း၊ ပြုစုစောင့်ရှောက်မှု၊ ကာကွယ်စောင့်ရှောက်မှုအပိုင်းများတွင် မူလတန်းကြိုကျောင်းများကဲ့သို့ စံပြအဖြစ်ဆောင်ရွက်ပေးရန်လိုအပ်မှာဖြစ်ပါကြောင်း၊ (One Stop)အနေဖြင့် အမျိုးသမီးများအား နှစ်သိမ့်ဆွေးနွေးပေးခြင်းနှင့် ကူညီထောက်ပံ့မှုလုပ်ငန်းများကို ပြည်သူလူထုအတွင်းဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူလူထုအနေဖြင့်ကောင်းစွာသိရှိနေပြီဖြစ်ပါကြောင်း၊ နေပြည်တော်တွင် ပြုစုရေးဌာနဖွင့်လှစ်ရန် ကူညီလှူဒါန်းမှုအတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းနှင့် အဆောက်အဦဆောက်လုပ်မည့် အပိုင်းနှင့်ပတ်သက်၍ ဆွေးနွေးပေးကြစေလိုပါကြောင်းပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ကလေးပြုစုရေးဌာနအဆောက်အဦဆောက်လုပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကိုရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဥက္ကဌဒေါ်မေယဉ်ထွန်းကလည်းကောင်း၊ အဆောက်အဦနှင့် ပတ်ဝန်းကျင်သည် ကလေးငယ်များအတွက် အဆင်ပြေချောမွေ့စေရေး၊ နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီမှုရှိစေရေးနှင့် ရေရှည်အတွက်ပါ ကြိုတင်ပြင်ဆင်၍ ဆောက်လုပ်သွားနိုင်ရန် အချက်အလက်များ နှင့် အဆောက်အဦဆောက်လုပ်ရေးနှင့်ပတ်သက်၍ ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းလျာထားမှုများကိုအထွေထွေအတွင်းရေးမှူး ဒေါက်တာမြသီတာကလည်းကောင်း၊ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကအသီးသီးဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိခဲ့ပါသည်။