ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်


Ministry of Social Welfare, Relief & Resettlement/ Nay Pyi Taw / September 11, 2018


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် နေသောအစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကိုနေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအကောင်အထည်ဖော်ရေးကော်မတီဥက္ကဌ၊လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနပြည်ထောင်စု၀န်ကြီးဒေါက်တာ၀င်းမြတ်အေးက အစိုးရအသစ်စတင်တာဝန်ယူဆောင်ရွက်စဉ်အချိန်ကစပြီးရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နေပါကြောင်း၊တည်ငြိမ်အေးချမ်းမှုရရှိရန် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေးရှိဖို့လိုအပ်ပါကြောင်း၊ တရားဥပဒေစိုးမိုးခြင်းဆိုသည်မှာဥပဒေများကို လက်တွေ့အကောင် အထည်ဖော်ပေးခြင်းဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့်တရားဥပဒေစိုးမိုးရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊တည်ငြိမ်အေးချမ်းရေးအတွက် လူ့အသိုင်းအဝိုင်းများအကြားလူမှုသဟဇာတ ဖြစ်ရေး သည် လွန်စွာမှ အရေးကြီးပါကြောင်း၊ အချင်းချင်းယုံကြည်မှု ၊ အပြန်အလှန်နားလည်မှု၊ စိတ်ရှည်သည်းခံမှုများဖြင့် လူမှုသဟဇာတဖြစ်ရေးကိုအကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိအကြပ်အတည်းများ၊ ကန့်သတ်ချုပ်ချယ်မှုများ၊ ခွဲခြားဆက်ဆံမှုများ၊တရားမျှတခြင်းမရှိမှုများသည်  ပဋိပက္ခများကိုဖြစ်ပေါ်စေနိုင်ကြောင်း၊
တည်ငြိမ်အေးချမ်းမှုရရှိစေရန် ရေရှည်ပဋိပက္ခကင်းဝေးရေးသည် အရေးကြီးပါကြောင်း၊ ရေရှည်ပဋိပက္ခ ကင်းဝေးရေး အတွက် အစိုးရအနေနဲ့ နည်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိရာပြည်သူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်မှုတွေ လိုအပ်ပါကြောင်း၊ ပြည်သူများပါ၀င်နိုင်ရန် ပြည်သူများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်သူနှင့်အနီးစပ်ဆုံးဖြစ်၍ ပြည်သူ့ကိုယ်စားလှယ်များပါ၀င် ဆွေးနွေးရန် လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိဌာနဆိုင်ရာ၀န်ထမ်းများကလည်းဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီပြည်သူ့နှင့်တိုက်ရိုက်ထိတွေ့ပြီးပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နေကြခြင်းဖြစ်၍ ဌာနဆိုင်ရာများပါ၀င်ဆွေးနွေးရန် လိုအပ်ခြင်းဖြစ်ကြောင်း၊ရခိုင်ပြည်နယ်ရှိဒေသခံ တိုင်းရင်းသားများနှင့် တိုင်းရင်းသား မျိုးနွယ်စုများ၊ရခိုင်ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသောပြည်သူများအားလုံနှင့်နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက် ရှိသောလူမှုအဖွဲ့အစည်းများ၏ ပါ၀င်ဆွေးနွေးမှုသည်လည်းအရေးကြီးပါကြောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေး နှင့် ဖွံဖြိုးတိုးတက်ရေးအတွက်  ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအောင်မြင်ရန် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးပွဲ များကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲများကို (၄) လတစ်ကြိမ်ဆောင်ရွက်လျက်ရှိရာယခင်ဆွေးနွေးပွဲရလာဒ်များ အကောင်အထည်ဖော်နိုင်မှုအခြေအနေများပြန်လည်သုံးသပ်ပြီးဆက်လက်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းဆွေးနွေး ပေးကြပါရန်ပြောကြားခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထဲရေ:ဝန်ကြီးဌာနကရခိုင်ပြည်နယ်အတွင်းတရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးအတွက်ဆောင်ရွက်နေမှုများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနများကရခိုင်ပြည်နယ်အတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသောလုပ်ငန်းများကိုရှင်းလင်းတင်ပြခဲ့ကြရာရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိလူ့အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်ရှိဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များကအကြံပြုဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စု၀န်ကြီးဒေါက်တာ၀င်းမြတ်အေး၊ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊အတိုင်ပင်ခံရုံး၀န်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးအောင်၊  ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများ၊ ရခိုင်ပြည်နယ်အတွင်းရှိလူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ကြောင်းသတင်းရရှိပါသည်။