ငါးသယံဇာတရေရှည်တည်တံ့တိုးပွားရေး အသိပညာပေးခြင်းနှင့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ


Ministry of Agriculture, Livestock and Irrigation/ Nay Pyi Taw / August 30, 2019


ငါးသယံဇာတရေရှည်တည်တံ့တိုးပွားရေး အသိပညာပေးခြင်းနှင့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားအား ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် နေပြည်တော်၊ ရေဆင်းဆည်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်၍ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် မျှော်မှန်းပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြစ်၊ ချောင်း၊ ဆည်တမံများအတွင်း ငါးသယံဇာတများတိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ် တည်တံ့စေရေး၊ ဒေသခံပြည်သူများ ငါးစားသုံးမှုပိုမိုတိုးတက်လာစေရေးနဲ့ ငါးထုတ်လုပ်မှုတိုးတက်လာစေရေးရည်ရွယ်ပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် က ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်၊ မြစ်ချောင်းအင်းအိုင်၊ ဆည်ရေလှောင်တမံ၊ စပါးခင်းများသို့ ငါးမျိုးစိုက်ထည့်ပေးနိုင်ခံမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး ငါးမြစ်ချင်း၊ ငါးပြေမ၊ ငါးဖမ်းမ၊ ငါးခုံးမကြီးနှင့် ဆူလတန် စသည့် ငါးမျိုးကောင်ရေ (၅)သိန်းအား ရေးဆင်းဆည်အတွင်းသို့ မျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရှိရသည်။