တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး(၂ /၂၀၁၉ ) ကျင်းပ


Tanintharyi Region Government/ တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့ / July 27, 2019


ဇူလိုင်လ ၂၆ ရက်နေ့မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့၊ သူဌေးကျွန်း၊ ဂရင်းအက်ဒမန်ဟိုတယ် ၌ တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ် (၂/၂၀၁၉) ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တို့က အဖွင့်အမှာစကား အသီးသီးပြောကြားပြီးနောက် တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုအေး က အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၉) ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေ ရှင်းလင်း တင်ပြပြီး ဒေသအတွင်း ဟိုတယ်လုပ်ငန်းလိုင်စင်အသစ်၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အသစ် လျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်များ၊ ဟိုတယ်အခန်းတိုးချဲ့ဆောက်လုပ်ခြင်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းလိုင်စင်သက်တမ်းတိုး လျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်များအား တင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီး က လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက် တက်ရောက်လာသည့်ကော်မတီဝင်များက ဒေသအတွင်း ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုများမှ တွေ့ရှိရသည့်အခက်အခဲများ၊ လိုအပ်ချက်များကို ဆွေးနွေး တင်ပြခဲ့ရာ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးမြင့်မောင် က အကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းရေးသားပေးပို့သူ - ကျော်စိုး (ကော့သောင်း)