တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကော့သောင်းမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံ ကြည့်ရှုစစ်ဆေး


Tanintharyi Region Government/ တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့နယ် / June 03, 2019


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်နှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ (၂)ရက်နေ့ မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့သို့ရောက်ရှိပြီး မြို့တွင်းဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးပါသည်။

ရှေ့ဦးစွာ ဝန်ကြီးချုပ်သည် ရွှေပြည်စိုးကျေးရွာ၊ ဆုတောင်းပြည့်ကျောင်းတိုက်သို့ ရောက်ရှိပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကေလာသအား ဖူးမြော်ကြည်ညိုကာ ဆန်၊ ဆီနှင့် လှူဖွယ် ဝတ္ထုများဆက်ကပ်လှူဒါန်းပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် ပုလုံးတုံတုံးတံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သန်း (၁၃,၄၄၀) အကုန်အကျခံ တည်ဆောက်လျက်ရှိသည့် အရှည်(၂၄၀၀)ပေ၊ ယာဉ်သွားလမ်းအကျယ်(၂၄)ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်(၅.၆)ပေ အကျယ်ရှိ ပုလုံးတုံတုံးကွန်ကရစ်တံတား တည်ဆောက်မှုလုပ်ငန်းခွင်သို့ရောက်ရှိရာ တံတားဦးစီးဌာန၊ တံတား တည်ဆောက်ရေးအဖွဲ့(၄) တာဝန်ခံ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးထွန်း က တံတားဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းပိုင်းများနှင့် ဘဏ္ဍာငွေရရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေး၊ တံတားကြံ့ခိုင်မှုနှင့် စံချိန်စံညွှန်းပြည့်မီရေး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် သီရိမြိုင်ရပ်ကွက်၊ မြို့ဦးကျောင်းတိုက် ဆရာတော်အား ဝင်ရောက် ဖူးမြော်ကာ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆလုံရိုးရာယဉ်ကျေးမှု ပြတိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုရှိစေရန် ပြတိုက်အတွင်း ဒေသ ရိုးရာယဉ်ကျေးမှုမှတ်တမ်းဓာတ်ပုံများ၊ ဆလုံရိုးရာမှတ်တမ်းများနှင့် အခြားစိတ်ဝင်စားဖွယ်ပြကွက်များ ပြသနိုင်ရေးတာဝန်ရှိသူများသို့ လမ်းညွှန်မှာကြားပါသည်။

ထို့နောက် ဝန်ကြီးချုပ်သည် ကော့သောင်းကမ်းနီးငါးဒိုင် (FOB) စစ်ဆေးရေးစခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက (FOB) စစ်ဆေးရေး (One Stop Service)လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြသကြပြီး (FOB) စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဆိပ်ခံ တံတားသစ် တည်ဆောက်မည့်အခြေအနေနှင့် တည်ဆောက်မည့်နေရာများသို့ ကွင်းဆင်းစစ်ဆေး ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဝန်ကြီးချုပ်သည် ကော့သောင်းမြို့၊ ဘုရင်နောင်ရုပ်ထုကုန်းမြေတွင် KMA GROUP of Company လှူဒါန်းငွေနှင့် ကော့သောင်းမြို့နယ်စည်ပင်သာယာရေးထည့်ဝင်ငွေ ကျပ်(၅၄.၄)သန်း အကုန်အကျခံ တည်ဆောက်ပြီးစီးသည့် လှေကားနှင့် ရင်ပြင်တည်ဆောက်ထားရှိမှု အခြေအနေများ အား သွားရောက်ကြည့်ရှူစစ်ဆေးပြီး အများပြည်သူ အပန်းဖြေနိုင်ရေးနှင့် ခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုရှိရေး၊ လှေကားပတ်ဝန်းကျင် မြေပြိုမှုမဖြစ်ပွားရေး မြေထိန်း အပင်များ စိုက်ပျိုးရန်နှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများသို့ လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

သတင်းရေးသားပေးပို့သူ - ကျော်စိုး (ကော့သောင်း)