ပဲခူးမြစ်ကူးတံတား(ဒါးပိန်-သပြု) ပန္နက်တော်တင်တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကျင်းပ


Bago Region Government/ က၀မြို့နယ် / April 08, 2019


ဧပြီလ(၆)ရက်၊ ကဝမြို့နယ်

====================

ဧပြီလ(၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ဒါးပိန်ဘက်ကမ်း ကျွဲကူးဆိပ်ကျေးရွာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀)မှ တည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) ပန္နက်တော်တင်တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က တံတားတည်ဆောက်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားကြသည်။
ထို့နောက် ပန္နက်တိုင်အမှတ်(၂)မှ(၆)အထိအား ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပန္နက်တော်တင်ပေးကြပြီး ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က အမှတ်(၁)ပန္နက်တော်နေရာမွန်တွင် Stand Pipe အား Vibto Hammer ဖြင့်ရိုက်သွင်းပေးကာ မင်္ဂလာပိုင်တိုင်အား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။
အဆိုပါတံတားသည် အရှည်(၁၀၅၀)ပေ၊ ယာဉ်သွားလမ်း(၂၈)ပေ၊ လူသွားလမ်းတစ်ဖက်လျှင် (၃ပေ၃လက်မ)စီပါဝင်သည့် (၂)လမ်းသွားသံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ခွင့်ပြုရန်ပုံငွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ရန်ပုံငွေများဖြင့် ရန်ကုန်တိုင်းဒေသကြီး ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်လမ်းနှင့် ပဲခူးတိုင်းဒေသကြီး သပြု-ရှမ်းကံ-ကဝလမ်းအား ဆက်သွယ်သည့်တံတားအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀)မှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်သည်။ အဆိုပါတံတားသည် ပဲခူးတိုင်းဒေသကြီးဘက်တွင် သပြုမှတဆင့် ရှမ်းကံ- ကဝသို့ဆက်သွယ်သည့်လမ်းပေါ်တွင် တည်ဆောက်မည့်တံတားဖြစ်သည့်အပြင် ကဝမြို့မှ ပဲခူးမြို့သို့လည်း ကျိုက်ပဒိုင်-တာဝ-ဖလေးလမ်းမှတစ်ဆင့် တိုက်ရိုက်ရောက်ရှိမည့်လမ်းလည်းဖြစ်သည်။
ပဲခူးမြစ်ကူးတံတား(ဒါးပိန်-သပြု)တံတားကြီး တည်ဆောက်ပြီးစီးသွားပါက ပဲခူးတိုင်းဒေသကြီးဘက်ရှိ အုန္နဲ၊ သက္ကလ၊ သနပ်ပင်မြို့များမှဒေသခံပြည်သူများ အဆိုပါတံတားကိုအသုံးပြု၍ ရန်ကုန်တိုင်းဒေသကြီးသို့ လွယ်ကူစွာသွားလာနိုင်မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုများမှာလည်း လျှင်မြန်လွယ်ကူမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးဘက်ခြမ်းတွင်လည်း ဤတံတားမှတဆင့် ရန်ကုန်အပြင်မြို့ပတ်လမ်းသို့ ချိတ်ဆက်ရမည့် တံတားဖြစ်သည့်အတွက် အလွန်အရေးပါလှသော တံတားကြီး(၁)စင်းဖြစ်ကြောင်း သိရသည်။
ပဲခူးမြစ်အားဖြတ်၍ ဖြတ်သန်းဖေါက်လုပ်ထားသည့် ပဲခူးမြစ်ကူးတံတားများသည်(၇)စင်းရှိပြီဖြစ်ပြီး ယခုတည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား(ဒါးပိန်-သပြု)တံတားသည် ပဲခူးတိုင်းဒေသကြီးအတွင်း (၆)စင်းမြောက် တံတားဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ပဲခူးမြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ်ကူးတံတား၊ ပဲခူးမြို့အတွင်းရှိ ပဲခူးမြစ်ကူးတံတား၊ ကဝမြို့နယ်ရှိ ပဲခူးမြစ်ကူးတံတား(ကဝ)တံတားတို့ တည်ဆောက်ပြီးဖြစ်ကာ ယခုအခါ ကဝမြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ်ကူးတံတားနှင့် ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)တို့ကိုလည်း တည်ဆောက်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

​​​​​​​http://bagoregion.gov.mm/?p=15253​​​​​​​