ပဲခူး၊တောင်ငူ၊ပြည်မြို့တို့တွင် တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်နိုင်ရေး လာရောက်တွေ့ဆုံ


Bago Region Government/ ပဲခူးမြို့ / April 02, 2019


ဧပြီလ(၂)ရက်၊ ပဲခူးမြို့

================

ဧပြီလ (၂)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ Golden Zenith Construction Co., Ltd မှ ပဲခူး၊တောင်ငူ၊ ပြည်မြို့များ၌ တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်နိုင်ရေး လာရောက်တွေ့ဆုံကမ်းလှမ်းခဲ့သည်။
ရှေးဦးစွာ Golden Zenith Construction Co., Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးမြင့်သန်းဦးနှင့် ဦးညိုဝင်းအောင်တို့က ပဲခူးမြို့၊ တောင်ငူမြို့နှင့် ပြည်မြို့တို့တွင် တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်နိုင်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ပဲခူး၊ တောင်ငူနှင့် ပြည်မြို့တို့သည် ခရိုင်မြို့ကြီးများဖြစ်ကြပြီး နောင်အနာဂတ်တွင် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါကြောင်း၊ မြို့ပြများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အထပ်မြင့်အဆောက်အဦများ ပိုမိုလိုအပ်လာနိုင်မည်ဖြစ်၍ ယခုအချိန်ကတည်းက ကြိုတင်ပြင်ဆင်ထားရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ မိမိတို့ကုမ္ပဏီအနေဖြင့် (၆)ခန်းတွဲ (၄)ထပ်၊ အိမ်ခန်းအကျယ်အဝန်း (၅၄၀)စတုရန်ပေ၊ အိမ်ခန်း(၁)ခန်း၊ ဧည့်ခန်း(၁)ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း၊ အိမ်သာများ တွဲဆက်ပါဝင်မည်ဖြစ်ပါကြောင်း၊ အိမ်ရာများတွင် ကာရပ်နားရန်နေရာ၊ ကစားကွင်း ပန်းခြံ၊ ဆေးပေးခန်း၊ စျေးဝယ်စင်တာ၊ စာသင်ကျောင်းစသည့်တို့ ပါဝင်မည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က မြို့ပြအိမ်ရာများ တည်ဆောက်ရာတွင် အနာဂတ်မြို့ပြစီမံကိန်းနှင့် တွက်ချက်ဆောင်ရွက်ရန်၊ ထားရှိရမည့် လမ်းအကျယ်အဝန်း၊ စိမ်းလန်းနယ်မြေနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများအတွက်လည်း ပါဝင်ရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရမှလည်း အငြိမ်းစားယူသည့် နိုင်ငံဝန်ထမ်းများ၊ နေအိမ်မရှိ၍ ကျူးကျော်နေထိုင်သူများ စသည့်တို့အတွက် အိမ်ခန်းများ အငှားစနစ်ဖြင့် ချထားပေးနိုင်မည်ဖြစ်ကြောင်း၊ မြို့ပြများတွင် စီးပွားရေးဖွံ့ဖြိုးလာသည်နှင့်အမျှ လူနေမှုထူထပ်လာမည်ဖြစ်၍ အထပ်မြင့်အဆောက်အဦများ ကြိုတင်စီမံလျာထားရမည်ဖြစ်ကြောင်း၊ ယခုလို အထပ်မြင့်တန်ဖိုးသင့် အိမ်ရာစီမံကိန်းများ ဆောက်လုပ်ရန် လာရောက်ကမ်းလှမ်းမှုကို ကြိုဆိုပါကြောင်းနှင့် မြေနေရာရရှိနိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ Golden Zenith Construction Co., Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးမြင့်သန်းဦး၊ ဦးညိုဝင်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

​​​​​​​

http://bagoregion.gov.mm/?p=15163