ပဲခူးတိုင်းဒေသကြီးအတွင်း သြဂဲနစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်


Bago Region Government/ ပဲခူးမြို့ / April 02, 2019


ဧပြီလ(၂)ရက်၊ ပဲခူးမြို့

=====================

ဧပြီလ (၂)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီ:အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ သြဂဲနစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး Ayar Grow Co., Ltd နှင့် မျိုးသာကီကုမ္ပဏီလီမိတက်တို့မှ လာရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးယုနွယ်နှင့် ဒါရိုက်တာ ဦးဘော်နီဦးတို့က မိမိတို့ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း ဓါတုကင်းလွတ် သဘာဝမြေသြဇာထုတ်လုပ်ခြင်း၊ သြဂဲနစ်သီးနှံ စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများအား လွန်ခဲ့သော(၁၀)နှစ်ခန့်ကတည်း ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဖြန့်ဖြူးရောင်းချနေသည့် သြဂဲနစ်သီးနှံ (၆၀)%သည် သဲကုန်းမြို့နယ်၊ ဝက်ပုတ်ကျေးရွာမှ ထွက်ရှိလျက်ရှိပြီး မိမိတို့ကုမ္ပဏီမှလည်း နည်းပညာ ဖြန့်ဖြူးပေးခြင်းနှင့် တောင်သူအကျိုးတူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် သြဂဲနစ်သီးနှံ စျေးကွက်တစ်ခု ခိုင်မာစေရန်နှင့် ပြည်သူများ ကျန်းမာသန့်ရှင်းသော သြဂဲနစ်သီးနှံ စားသုံးနိုင်ရန် ရည်ရွယ်ရခြင်းဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် စားသုံးနေသည့် အစားအစာများသည် Food Security အားနည်းချက်များကြောင့် ရောဂါများထူပြောလျက်ရှိကြောင်း၊ ဓါတုကင်းလွတ် သဘာဝမြေသြဇာများ ထုတ်လုပ်၍ သြဂဲနစ်သီးနှံများ စိုက်ပျိုး၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချမှုများအပေါ် လှိုက်လဲစွာ ကြိုဆိုကြောင်း၊ ပြည်သူများအနေဖြင့်လည်း ခေတ်အဆက်ဆက် နိုင်ငံရေးအခြေအနေကြောင့် ဆင်းရဲမှုခံဒဏ်ကိုခံစားရပြီး စျေးပေါသော အဆိပ်သင့် စားသောက်ကုန်များကိုသာ ဝယ်ယူစားသုံးနေရကြောင်း၊ ယခုလို ပြင်ပစျေးနှင့်သင့်လျော်ပြီး သြဂဲနစ်သီးနှံများ စိုက်ပျိုးထုတ်လုပ် ရောင်းချမည်ကို သိရှိရ၍ ပြည်သူများအတွက် အလွန်အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ကြောင်း၊ တစ်ဘက်မှာလည်း တောင်သူများအပြင် စားသုံးသူပြည်သူများကိုလည်း သြဂဲနစ်သီးနှံ စိုက်ပျိုးခြင်း၊ စားသုံးခြင်းများအတွက် အကျိုးကျေးဇူးရရှိနိုင်မည်ကို အသိပညာပေးရန် လိုအပ်ကြောင်း၊ မိမိတို့ အစိုးရအဖွဲ့မှလည်း မြေနေရာလိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်၍ ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Ayar Grow Co., Ltd နှင့် မျိုးသာကီကုမ္ပဏီလီမိတက်တို့မှ ဒေါ်အေးယုနွယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

​​​​​​​

http://bagoregion.gov.mm/?p=15156