အသိပညာကိုအခြေခံတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ပြောင်းလဲရာတွင် တီထွင်ဖန်တီးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးပါကြောင်း ဝန်ကြီးချုပ် ပြောကြား


Bago Region Government/ ပဲခူးမြို့ / April 01, 2019


မတ်လ(၃၁)ရက်၊ ပဲခူးမြို့

======================

မတ်လ (၃၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ BRCB(T)နှင့် Third Party(QC Team) များနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယခင်ခေတ်အဆက်ဆက်က တည်ဆောက်ရေးလုပ်ငန်းများအား တာဝန်ခံစစ်ဆေးသည့် ကော်မတီအသီးသီးရှိခဲ့သော်လည်း အင်ဂျင်နီယာပိုင်းဆိုင်ရာ အသိပညာနည်းပါးခြင်း၊ အဂတိလိုက်စားခြင်းတို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အရည်အသွေးများ အားနည်းခဲ့ကြောင်း၊ ဒါကြောင့် ယခုအခါ ဌာနဆိုင်ရာနှင့် တင်ဒါအောင်ကုမ္ပဏီတို့ကြားတွင် ဖြောင့်မတ်မှန်ကန်သည့် အင်ဂျင်နီယာနည်းစနစ်များ၊ အရည်အသွေးများအား စစ်ဆေးသည့် QC Team များ ထည့်သွင်းရခြင်းဖြစ်ကြောင်း၊ ယခင်ခေတ်များတွင် ပညာရှင်များသည် အာဏာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်များအောက်တွင် ရပ်တည်ခဲ့ရသဖြင့် တိုင်းပြည်၏ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မပြည့်မီ ပျက်စီးခဲ့ကြောင်း၊ ဒီအခြေအနေကို ကျော်လွှားနိုင်ရန် မိမိတို့ပဲခူးတိုင်းဒေသကြီးအစိုးရမှ ဦးဆောင်၍ တည်ဆောက်ရေးလုပ်ငန်းများအား အနီးကပ်ကြီးကြပ်ဆောင်ရွက်နိုင်ရန် BRCB(T) ကို ဖွဲ့စည်းခဲ့ပြီး (QC) ကုမ္ပဏီများ ရွေးချယ်သုံးစွဲခဲ့ကြောင်း၊ QC Team များအနေဖြင့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု စနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသိပညာကိုအခြေခံတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ပြောင်းလဲရာတွင် တီထွင်ဖန်တီးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးပါကြောင်း၊ တက်ရောက်လာသည့် QC ကုမ္ပဏီများအနေဖြင့် အရည်အသွေးစစ်ဆေးရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း စစ်ဆေးဆောင်ရွက်ရန်နှင့် အဂတိကင်းပြီး ကိုယ်ပိုင်အလင်းရောင်ဖြင့် မှန်ကန်တည့်မတ်စွာ ရပ်တည်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် BRCB(T) အဖွဲ့ခေါင်းဆောင် ဦးထိုက်လင်းမှ ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်ရေးလုပ်ငန်းများတွင် QC ကုမ္ပဏီများ ရွေးချယ်ပေးခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တက်ရောက်လာသည့် QC ကုမ္ပဏီများမှ တာဝန်ရှိသူတို့က လက်ရှိမြေပြင်တွင် လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာ၊ ဒေသခံပြည်သူတို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရင်ဆိုင်နေရသည့် အခက်အခဲများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက (၁၀)နှစ်ခံမည့် အဆောက်အဦတစ်ခုအား နှစ်(၃၀)အထိ ခံနိုင်ပါက တိုင်းပြည်အတွက် ဘဏ္ဍာငွေဆုံးရှုံးမှု ပိုမိုသက်သာနိုင်မည်ဖြစ်ကြောင်း၊ ဒါကြောင့် QC လုပ်ငန်းသည် အရေးပါသည်ကို နားလည်သဘောပေါက်ကြစေလိုကြောင်း၊ QC ကုမ္ပဏီများအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင့်အတွင်း သတ်မှတ်ဝတ်စုံဝတ်ဆင်ထားရန်၊ အတ္တနှင့်ပရ မျှတပြီး မွန်မြတ်သောနှလုံးသားဖြင့် တိုင်းပြည်တည်ဆောက်ရေး၊ ပြုပြင်ပြောင်းလဲရေးကဏ္ဍများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ BRCB(T) အဖွဲ့ခေါင်းဆောင် ဦးထိုက်လင်းနှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးစစ်ဆေးမှုအား တာဝန်ယူထားသည့် QC ကုမ္ပဏီ (၃၀)တို့မှ တာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

​​​​​​​

​​​​​​​

http://bagoregion.gov.mm/?p=15146