ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ပတ်လမ်းအတွင်း ကျူးကျော်စိုက်ပျိုးသူများအား သီးနှံနစ်နာကြေး ပေးလျော်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်


Bago Region Government/ ပဲခူးမြို့ / March 21, 2019


မတ်လ(၂၁)ရက်၊ ပဲခူး
​​​​​​​=============

မတ်လ (၂၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ပတ်လမ်းအတွင်း ကျူးကျော်စိုက်ပျိုးသူများအား သီးနှံနစ်နာကြေး ပေးလျော်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လျော်ကြေးငွေပေးလျော်နိုင်ရေး လေကြောင်းဦးစီးဌာနမှ ဘဏ္ဍာနှစ် (၂)နှစ်အတွင်း ကျပ်သန်း(၉၉၅.၇၀)သန်း လွှဲပြောင်းပေးအပ်ထားကြောင်း၊ လေဆိပ်ဧရိယာအတွင်း ပါဝင်ပတ်သက်နေသည့် အိမ်ယာ၊ ဘုန်းတော်ကြီးကျောင်းများနှင့် နှစ်ရှည်သီးနှံစိုက်ပျိုးထားသူများအား မြန်မြန်ဆန်ဆန် သီးနှံနစ်နာကြေးပေးခြင်း၊ ရွှေ့ပြောင်းခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်း၊ မြေယာသည် နိုင်ငံတော်ပိုင်ဆိုင်ခြင်းဖြစ်ပြီး ယခုလိုလျော်ကြေးငွေပေးရန် စီစဉ်ခြင်းသည် စိုက်ပျိုးသီးနှံများအတွက်သာ နစ်နာကြေးပေးခြင်းကို သိရှိစေရန်လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံကိန်းအရ လိုအပ်ချက်အလို့ငှာ သိမ်းယူမည်ဆိုပါက သိမ်းယူနိုင်ကြောင်း ဥပဒေအရ ဖော်ပြထားပြီးလည်းဖြစ်ကြောင်း၊ ယခင်အစိုးရအဆက်ဆက် ပြည်သူများနစ်နာမှုမရှိစေရန် ၁၉၉၄ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် လျော်ကြေးငွေနှင့် အိမ်ခြံမြေများ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းကိုလည်း သိရှိထားရကြောင်း၊ ယခုကျူးကျော်နေထိုင် စိုက်ပျိုးလုပ်ကိုင်မှုများသည် ထပ်မံ၍ ကျူးကျော်နေထိုင် စိုက်ပျိုးမှုသာဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့်လည်း ပြည်သူများ နစ်နာမှုမရှိစေရေး သီးနှံလျော်ကြေး ထပ်မံပေးအပ်ခြင်းသာဖြစ်ကြောင်း၊ ယခုလို ဆောင်ရွက်ပေးခြင်းအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမှုကို သိရှိစေရန် လိုအပ်မည်ဖြစ်ကြောင်း၊ လေဆိပ် စီမံကိန်းသည် နိုင်ငံတော်စီမံကိန်းဖြစ်၍ အောင်မြင်စွာဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ယခင်ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များအတိုင်း သီးနှံလျော်ကြေး လက်ခံရယူမည့် (၁၆)ဦးအား အမြန်ဆုံးပေးလျော်သွားမည်ဖြစ်ပြီး၊ နစ်နာကြေးလက်ခံခြင်းမရှိသူများအား ဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးပေးကြစေလိုကြောင်းကိုလည်းကောင်း၊ ဥပဒေချုပ် ဦးအုန်းမြင့်က နစ်နာကြေးပေးအပ်မှုအား စာချုပ်စာတမ်း၊ မှတ်တမ်းနှင့်တကွ ပေးအပ်သွားမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ လေကြောင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းက လေဆိပ်အရှေ့ဘက်ခြင်း ပေ(၁၃၅၀၀)ခြံစည်းရိုးခတ်ရန် Budget ငွေရရှိထားပြီးဖြစ်၍ အမြန်ဆုံးလုပ်ငန်းဆောင်ရွက်နိုင်ရန် ကူညီပေးစေလိုပါကြောင်း၊ လေဆိပ်အား ဂျပန်နိုင်ငံ၏ နှစ်ရှည်ချေးငွေ (၁၀၀)% ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံနှင့် (၄)ကြိမ် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပြီး၊ ဧပြီလအတွင်း ထပ်မံ၍ အစည်းအဝေးပြုလုပ်ပြီးပါက မြေပြင်ကွင်းဆင်း တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်တော့မည်ဖြစ်၍ ကျူးကျော်ရှင်းလင်းရေးနှင့် နစ်နာကြေး ပေးလျော်ခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ပါရန်ကိုလည်းကောင်း၊ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူးက လေဆိပ်ပတ်လမ်းပေ(၁၀၀)အတွင်း သီးနှံနစ်နာကြေးပေးအပ်ရန် (၁၆)ဦး သဘောတူညီထားပြီးဖြစ်၍ ကျပ်(၂၀၃၂.၁၃)သိန်းအား ပေးလျော်နိုင်ရေး အမြန်ဆုံးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာ‌လေဆိပ်ပြီးစီးပါက မြန်မာနိုင်ငံသို့ အဓိက ဝင်‌ပေါက်ဖြစ်သည့် Major Gate Way ဖြစ်လာမည်ဖြစ်သည့်အတွက် နိုင်ငံတကာ‌လေကြောင်းလိုင်းများ Operation ပြုလုပ်ရာတွင်လည်း အဆင်‌ပြေလာမည် ဖြစ်ပါ‌ကြောင်း၊ ထို့‌ကြောင့် နိုင်ငံ‌တော်၏ အနာဂတ်အတွက် အ‌ရေးကြီးသည့် လိုအပ်ချက်ဖြစ်သည့် အား‌လျော်စွာ မိမိတို့ အစိုးရလက်ထက်တွင် နိုင်ငံ‌တော်စီမံကိန်း တစ်ရပ်အဖြစ် ‌ဆောင်ရွက်သွားမည်ဖြစ်ပါ‌ကြောင်း၊ စီမံကိန်းသည် ကြီးမားသည်နှင့်အမျှ စနစ်တကျ စီမံဆောင်ရွက် နိုင်ရန်အ‌ရေးကြီးပါ‌ကြောင်း၊ စီမံကိန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သကဲ့သို့ စနစ်တကျဖြစ်ရန်လည်း လိုအပ်ပါ‌ကြောင်း၊ ထို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် တာဝန်ယူ‌ ဆောင်ရွက်သွားရမည့် အပိုင်းအလိုက် တာဝန်ကျေပွန်ရန်နှင့် အောက်ခြေမြေပြင်တွင် ရှင်းလင်းထားခြင်း၊ သတ်မှတ်ဧရိယာအတိုင်း ခြံစည်းရိုးခတ်ထားနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
လေဆိပ်ပတ်လမ်းပေ(၁၀၀)အတွင်း သီးနှံလျော်ကြေးအတွက် တောင်သူ(၁၆)ဦးအား ၂၀၁၉ခုနှစ်၊ ဧပြီလ (၃)ရက်နေ့၊ နံနက်ပိုင်းတွင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ အခမ်းအနားဖြင့် နစ်နာကြေး ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အစည်းအဝေးသို့ ဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

​​​​​​​

 

http://bagoregion.gov.mm/?p=15007

​​​​​​​