ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ


Bago Region Government/ ပဲခူးမြို့ / March 15, 2019


 

 

မတ်လ(၁၄)ရက်၊ ပဲခူး

=============

မတ်လ (၁၄)ရက်နေ့၊ ညနေ(၆)နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန၊ ဝန်ထမ်းများနှင့် တွေ့ဆုံရခြင်းသည် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လမ်းညွှန်ချက်များ၊ လက်ရှိနိုင်ငံအစိုးရသွားနေသည့် မူဝါဒ၊ လမ်းစဉ်များအား သိရှိစေရန်ဖြစ်ကြောင်း၊ နိုင်ငံရေးစနစ်တွေ ဘယ်လိုပင်ပြောင်းလဲစေကာမူ အုပ်ချုပ်ရေးမဏ္ဍိုင် မယိုင်လဲအောင် ရပ်/ကျေးအဆင့်မှစ၍ ပြည်ထောင်စုအဆင့်ထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရခြင်းကို လေးစားတန်ဖိုးထားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများတွင်လည်း လိုက်ပါနိုင်ရန်လိုအပ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အငြိမ်းစားဝန်ထမ်းကြီးများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသော တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးအတွက် လိုက်ပါဆောင်ရွက်ရာတွင် အထောက်အပံ့ကောင်းဖြစ်စေမည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြုပြင်ပြောင်းလဲရေးအတွက် စိုးရိမ်မှုကင်းစွာ၊ ပြည်သူကိုမျက်နှာမူ၊ ပွင့်လင်းမြင်သာစွာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အခြေခံစိတ်ဓါတ်များ ပြုပြင်ပြောင်းလဲမှသာ အဂတိတရား ကင်းရှင်းနိုင်မည်ဖြစ်၍ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ထမ်းဆောင်မှုကို စေတနာအရင်းခံပြီး ဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဝန်ထမ်းများနှင့် မီဒီယာဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက် လုံခြံရေးဆိုင်ရာကိစ္စရပ်များနှင့် Social Media အသုံးပြုခြင်းနှင့်ပတ်သက်၍ အသိပေးရှင်းလင်းပြောကြားခဲ့သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပြုပြင်ပြောင်းလဲရေး Vision“ပြည်သူကို ဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေး”ဖြစ်ပြီး၊ “Mission”“တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေး၊ နိုင်ငံတော် အစိုးရ၏ မူဝါဒများ အကောင် အထည်ဖော်ရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေးနှင့် ပြည်သူဗဟိုပြု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရေး”တို့ဖြစ်သည်။ “တန်ဖိုး Value (၆)ရပ်”အနေဖြင့် (၁) ထိရောက်မှုနှင့် စွမ်းရည်ပြည့်ဝမှု၊ (၂) ပွင့်လင်းမြင်သာမှု၊ (၃) တာဝန်ယူ တာဝန်ခံမှု၊ (၄) ပြည်သူလူထု ယုံကြည်အားထားမှု၊ (၅) တန်းတူညီမျှ အားလုံးပါဝင်မှု၊ (၆) လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေမှုတို့ဖြစ်ပြီး၊ “ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် (၃)ရပ်”အနေဖြင့် (၁) မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ (၂) လုပ်ထုံးလုပ်နည်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ (၃) ဒေသဖွံ့ဖြိုးရေးနှင့် လုပ်ငန်းစနစ်ကောင်းများ တည်ဆောက်ရေးတို့ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပဲခူးတိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်း၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်၊ ညွှန်ကြားရေးမှူး ဦးတင်ထူးမောင်၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

​​​​​​​

http://bagoregion.gov.mm/?p=14946