ပဲခူးမြို့တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပပြုလုပ်


Bago Region Government/ ပဲခူးမြို့ / March 08, 2019


မတ်လ(၈)ရက်၊ ပဲခူးမြို့

==============

မတ်လ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ သီရိဟံသာခန်းမတွင် ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေကြပြီး မြန်မာ့ရာဇဝင်တွင်လည်း အလွန်ထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင်တွေ၊ စာဆိုအကျော်အမော်တွေ၊ အနုပညာရှင်တွေ၊ စွမ်းဆောင်ရှင်တွေ များစွာပေါ်ထွန်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းများကိုဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့ကို အဓိကအခြေခံသည့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် ရောက်ရှိဆောင်ရွက်လျှက်ရှိကြောင်း၊ အမျိုးသား အမျိုးသမီးတန်းတူ ညီမျှရေးသည်လည်း အရေးကြီးပြီးအမျိုးသမီးများ နိုင်ငံရေးနယ်ပယ်မှာ တန်းတူညီမျှမှု ပါဝင်နိုင်ရေးအပြင် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာနယ်ပယ်များတွင် တန်းတူညီမျှပါဝင်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကိုဖတ်ကြားပြီး တက်ရောက်လာသူများက အမျိုးသမီးအခွင့်အရေးများနှင့်ပတ်သက်၍ Video Clipဖြင့်ပြသကာ လွှတ်တော်ဥက္က၊ ဝန်ကြီးနှင့် တက်ရောက်လာသူများက မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသက်ကျောင်း(တောင်ငူ)၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပြသထားသော လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုကြသည်။
၂၀၁၉ခုနှစ် မတ်လ(၈)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂမှချမှတ်ပေးသည့် ဆောင်ပုဒ်သည် “ခွင့်တူညီရေးစဉ်းစားလို့စွမ်းရည်မြှင့်ရေး အလေးပေးဖို့၊ ပြောင်းလဲမှုကိုဖော်ထုတ်စို့” ဖြစ်ပြီး အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များတက်ရောက်ကြကြောင်း သတင်းရရှိသည်။

​​​​​​​http://bagoregion.gov.mm/?p=14828