ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)တည်ဆောက်ရေးစီမံကိန်း ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်


Bago Region Government/ ပဲခူးမြို့ / March 04, 2019


မတ်လ(၂)ရက်၊ ပဲခူး

​​​​​​​============

ပဲခူးမြို့ ဥဿာမြို့သစ်၊ သမိန်ဗရမ်းလမ်းဘက်ကမ်း ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်မည့်နေရာ၌ ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က တံတားတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းကပဲခူးမြို့သည်တိုင်းမြို့ဖြစ်သည့်အတွက်တိုင်းမြို့တော်အင်္ဂါရပ် နှင့် ညီညွတ်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး၊ မြို့ပြ စနစ်တကျဖွံ့ဖြိုးစေရေးအတွက် ပဲခူးမြို့နယ်ဝန်းကျင်တဝိုက် ကွန်ယက်ချိတ်ဆက်မှုများကို ဦးစားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူလူထုမှလည်း လုပ်ငန်းစီမံကိန်းများ အောင်မြင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ တွေ့ရှိရ သည့်အတွက် လွန်စွာဝမ်းမြောက်မိပါကြောင်း ယခုဆိုရင် နိုင်ငံတော်အစိုးရရဲ့ဦးတည်ချက်များအတိုင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပဲခူးမြို့ကို တိုင်းမြို့တော်ကြီး၏ အင်္ဂါရပ်နှင့်အညီလမ်း-တံတား လုပ်ငန်းများကို အကောင်အထည်ဖောဆောင်ရွက်ပေးခဲ့ကြတဲ့ ဌာနရဲ့အင်ဂျင်နီယာဝန်ထမ်းများ၊ ကာယ၊ ဉာဏ ဝန်ထမ်းများကိုလည်း ပြည်သူများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူများမှ လည်း မိမိတိုနေ့စဉ်သွားလာလှုပ်ရှားရာတွင် ယာဉ်အန္တရာယ် ကင်းရှင်းပြီး လုံခြုံချောမွေ့စွာသွား လာနိုင်ပြီ ဖြစ်တဲ့အတွက် တိုင်းမြို့တော်ကြီးရဲ့အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ထားသည့် လမ်း-တံတား များကို ရေရှည်တည်တံ့ခိုင်မြဲရေး၊ လမ်းမကြီးများဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကျင့်သုံးကြပြီး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြဖို့နဲ့ နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ ဦးဆောင်လမ်းညွှန်မှု အောက်မှာ အစိုးရ၊လွှတ်တော်၊ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့်အတူ အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင်အတူ လက်တွဲ ဆောင်ရွက်သွားကြဖို့လိုကြောင်းနှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်တို့က အမှတ်(၁)ပန္နက်တော်နေရာတွင် စက်ခလုပ်နှိပ်၍ Stand Pipeအား Vibro Hammerဖြင့် ရိုက်သွင်းပေးပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေတို့ကအမှတ်(၂)ပန္နက်တိုင်အားလည်းကောင်း၊ အမှတ်(၃)ပန္နက်တိုင်ကို ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်နှင့် စက်မှုလျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးသန်းဝင်းတို့ကလည်ကောင်း၊ အမှတ်(၄)ပန္နက်တိုင်ကိုတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေနှင့် ဦးကျော်မင်းစံတို့ကလည်းကောင်း၊ အမှတ်(၅)ပန္နက်တိုင်ကို သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း နှင့် ပဲခူးမြို့နယ်စည်ပင်သာယာကော်မတီဝင် ဦးမြင့်ဟန်တို့ကလည်းကောင်း ပန္နက်တော်တင်ပေးကြပြီး မင်္ဂလာပိုင်တိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)သည် ပဲခူးမြို့ စိန်သာလျောင်းဘုရားလမ်းနှင့် သမိန်ဗရမ်းလမ်း ဆက်သွယ်သည့်လမ်းပေါ်ရှိ ပဲခူးမြစ်ကိုဖြတ်၍ တံတားအရှည်(၅၁၈)ပေ၊ အကျယ်(၄၀)ပေ၊ (ယာဉ်သွားလမ်းနှင့်လူသွားလမ်းအပါ)၊ ဘိုးပိုင်အုတ်မြစ် သံကူကွန်ကရစ်တံတားအဖြစ် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၇၅၇.၇၉) သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၉)မှ တာဝန်ယူတည်ဆောက် သွားမည်ဖြစ်ပြီး အဆိုပါတံတားနှင့် တဆက်တစပ်တည်း ရန်ကုန်-မန္တလေးလမ်းဟောင်း ပြင်စည် မီးပွိုင့်ကနေ ဆံတော်တွင်းလမ်းနှင့် ဆုံတဲ့နေရာအထိ (၃)မိုင်ခန့်နဲ့ ဆံတော်တွင်းလမ်းကနေ စိန်သာလျောင်းဘုရားလမ်း၊ ပဲခူး-သနပ်ပင်လမ်းမကြီးအထိ (၂မိုင် ၆ဖာလုံ) ခန့်အထိ စုစုပေါင်း (၅မိုင် ၆ဖာလုံ)ခန့်ကို ကတ္တရာကွန်ကရစ် (AC)လမ်း အဖြစ် အကောင်အထည်ဖော် တည်ဆောက်သွားမှာ ဖြစ်သည့်အပြင် ပဲခူး – သနပ်ပင်လမ်းမကြီးကတဆင့် ရန်ကုန်-မန္တလေးလမ်းမကြီး ကလိလမ်းဆုံနှင့် ချိတ်ဆက်မည့် ပဲခူးမြို့ (အရှေ့ဘက်) မြို့ပတ်လမ်းကိုပါ ယခုနှစ် ကစပြီးအကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ကြောင်းသိရသည်။
အဆိုပါ ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)သည် ပဲခူးမြို့တွင်းပိုင်း သမိန်ဗရမ်းလမ်းမှတဆင့် ဆံတော်တွင်းလမ်း၊ ၎င်းမှတဆင့် စိန်သာလျှောင်းဘုရားနှင့် ပဲခူး-သနပ္ပင်လမ်းမကြီးတို့ကို ချိတ်ဆက် ပေးမည့်တံတားဖြစ်ပြီး ပဲခူးမြို့တွင်း ယာဉ်ကြောရှုပ်ထွေးမှု လျော့နည်းစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်၊ ကုန်စည်စီးဆင်းမှု မြန်ဆန် စေရန်အတွက်လည်း အထောက်အကူပြုမည့် တံတားဖြစ်ကြောင်းနှင့် တံတား၏ခန့်မှန်းတန်ဖိုးကုန်ကျမည့်ငွေမှာ ကျပ်သန်း(၂၆၀၀)ရှိကြောင်း သိရှိရပါသည်။

http://bagoregion.gov.mm/?p=14725