ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျွန်းတောစုစံပြကျေးရွာအသစ်တစ်ခု တည်ဆောက်မည့်နေရာအား ကွင်းဆင်းကြည့်ရှု


Bago Region Government/ ရေတာရှည်မြို့ / February 13, 2019


ဖေဖော်ဝါရီလ (၁၁)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ဌာနဆိုင်ရာများနှင့်အတူ ဆွာဆည်တမံ ရေပိုလွှဲကျိုးပေါက်မှုဖြစ်စဉ်ကြောင့် ပြောင်းရွှေ့ပေးမည့် ကျွန်းတောစုစံပြကျေးရွာအသစ် တည်ဆောက်မည့်နေရာအား ကွင်းဆင်းကြည့်ရှုသည်။
ရှေးဦးစွာ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက ကျွန်းတောစု စံပြကျေးရွာတည်ဆောက်မှုနှင့်ပတ်သက်၍ မြေပြင်အခြေအနေ ဆောင်ရွက်ထားရှိမှုနှင့် ရှင်းလင်းဆောင် ဆောက်လုပ်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ဆည်မြောင်းဦးစီးဌာနမှ မြေညှိဆောင်ရွက်ထားမှုကိုလည်းကောင်း၊ အိုးအိမ်ဦးစီးဌာနမှ အိမ်ယာ မြေကွက်ဖော်ထုတ်ထားသည့် ဒီဇိုင်းပုံစံလျာထားချက်ကိုလည်းကောင်း၊ ကျေးလက်လမ်းဦးစီးဌာနမှ ကျေးရွာအဝင်လမ်းများ ဖောက်လုပ်သွားမည့်ပုံစံကိုလည်းကောင်း၊ ကျေးလက်ရေရရှိရေးဦးစီးဌာနမှ သောက်သုံးရေတူးဖော်ပေးမည့် အခြေအနေကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာနမှ လျှပ်စစ်မီးသွယ်တန်းပေးသွားမည့် အခြေအနေများနှင့် ကျေးရွာစုပေါင်းရုံးဆောက်လုပ်မည့်နေရာများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဝန်ကြီးချုပ်က ဆွာဆည်တမံ ရေပိုလွှဲကျိုးပေါက်မှုဖြစ်စဉ်ကြောင့် ပြောင်းရွှေ့ပေးရမည့် ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာအား ပြည့်စုံကောင်းမွန်သည့် စံပြကျေးရွာသစ်တစ်ခု တည်ဆောက်နိုင်ရေး အမြန်ဆုံးပြီးစီးအောင်အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ လူအသိုက်အဝန်းတစ်ခုတွင် လမ်း၊ ရေ၊ လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရယ်ဆိုင်ရာ ကာကွယ်နိုင်ရေး စသည့် အခြေခံလိုအပ်ချက်များ ပြည့်စုံရန် လိုအပ်ကြောင်း၊ ယခုတည်ဆောက်မည့် စံပြကျေးရွာသစ်သည် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ထောက်ပံကူညီပေးခြင်းဖြစ်ပြီး၊ မိမိတို့အစိုးရမှ လိုအပ်သည့် မြေနေရာ၊ လမ်း၊ လျှပ်စစ်မီး၊ ရေရရှိရေး၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ် များ အားဖြည့်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာသစ်တွင် ၆၀×၄၀ ပေအကျယ်ရှိ မြေကွက် (၂၂၈)ကွက်၊ စုပေါင်းရုံးမြေနေရာ၊ ဘာသာရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ စိမ်းလမ်းမြေနှင့် အပန်းဖြေခြင်းဆိုင်ရာ၊ သုဿန်မြေနေရာ၊ ထင်းစိုက်ခင်း၊ စားကျက်မြေ၊ အများသုံး ရေတွင်း၊ ရေကန်၊ ပေ(၆၀)အကျယ် အဝင်လမ်း၊ ပေ(၄၀)အကျယ်ရှိ လမ်းကြား၊ ပညာရေး၊ ကျန်းမာရေး၊ ဈေးစသည့် မြေနေရာများအား သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပြီး ယခုအခါတောရှင်းခြင်းလုပ်ငန်း၊ မြေဖြည့်ခြင်းလုပ်ငန်း၊ စာသင်ကျောင်းနေရာမြေဖြည့်ခြင်းလုပ်ငန်း၊ နေအိမ်ဆောက်လုပ်မည့် နေရာမြေဖြည့်ခြင်းလုပ်ငန်းများ (၁၀၀)%ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

​​​​​​​ ​​​​​​​