မြန်မာနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်းများအား ဆော်ဒီအာရေဗျနိုင်ငံသို့ စနစ်သစ်စံနှုန်းများဖြင့် ဆက်လက်တင်ပို့ခွင့်ရရှိရေး ညှိနှိုင်းဆောင်ရွက်


Ministry of Agriculture, Livestock and Irrigation/ Nay Pyi Taw / December 28, 2018


နေပြည်တော်၊ ဒီဇင်ဘာလ ၂၆ ရက်

မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေး၊ ရေထွက်ကုန်ပစ္စည်းများအား ဆော်ဒီအာရေဗျ နိုင်ငံသို့ ဆက်လက်တင်ပို့ခွင့်ရရှိရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်သည် ငါးလုပ်ငန်း ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်း ရှင်များအသင်း၊ ပြည်ပတင်ပို့သည့် အအေးခန်းစက်ရုံ လုပ်ငန်းရှင်များမှ တာဝန်ရှိသူများနှင့်အတူ ဆော်ဒီအာရေဗျနိုင်ငံသို့ (၁၉-၁၂-၂၀၁၈) ရက်နေ့မှ (၂၃-၁၂-၂၀၁၈) ရက်နေ့အထိ သွားရောက်၍ ရေထွက်ပစ္စည်းကုန်သွယ်မှု ဆိုင်ရာ ကိစ္စရပ်များအတွက် Saudi Food and Drug Authority – SFDA မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

ရှေးဦးစွာ အမြဲတမ်းအတွင်းဝန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၉-၁၂-၂၀၁၈) ရက်နေ့တွင် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာသံအမတ်ကြီး အား သွားရောက်တွေ့ဆုံခဲ့သည်။

 

ကိုယ်စားလှယ်အဖွဲ့သည် (၂၀-၁၂-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ရီယာဒ် (Riyadh) မြို့ရှိ SFDA မှ Vice President ဖြစ်သူ Dr. Sami Al-Saqr နှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ ဆော်ဒီအာရေဗျ နိုင်ငံ၏ စံသတ်မှတ်ချက် စနစ်သစ်အရ မြန်မာနိုင်ငံသို့ လိုအပ်သည့်မေးခွန်းလွှာများ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံမှ ဖြေကြားချက်များကိုလည်း လက်ခံရရှိပြီးဖြစ်သည့်အတွက် ဆော်ဒီအာရေဗျ နိုင်ငံသို့ ရေထွက်ပစ္စည်းတင်ပို့ခွင့်ပြုမည့် အအေးခန်းစက်ရုံ၊ ကုမ္ပဏီမှတ်ပုံတင်စာရင်းများကို SFDA သို့ ဆက်လက်ပေးပို့နိုင်ရေး၊ SFDA မှ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံရှိ အအေးခန်းစက်ရုံ၊ ကုမ္ပဏီများနှင့် မွေးမြူရေးကန်များသို့ ကွင်းဆင်းကြည့်ရှုနိုင်ရေး၊ SFDA ၏ စံသတ်မှတ်ချက်များ နှင့်ကိုက်ညီသည့် ကုမ္ပဏီများမှ ရေထွက်ကုန်ပစ္စည်းများကို ဆော်ဒီအာရေဗျနိုင်ငံသို့ တင်သွင်းခွင့် ပြုနိုင်ရေး တို့ကို အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

 

ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် (၂၁-၁၂-၂၀၁၈) ရက်နေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ဂျက်ဒါ (Jeddah) မြို့သို့ရောက်ရှိပြီး မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများ အား တင်သွင်း၍ အ‌အေးခန်းများတွင် ထားသိုဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီများသို့ သွားရောက် လေ့လာခဲ့ကြပြီး လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံ၍ လိုအပ်သည်များအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။