ရခိုင်ပြည်နယ်၀န်ကြီးချုပ်ဦးညီပု နယ်မြေလုံခြုံရေးအခြေအနေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူများအား သွားရောက်တွေ့ဆုံပြီး ထောက်ပံ့ငွေများ ပေးအပ်


Rakhine State Government/ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ / December 26, 2018


ကျောက်တော် ဒီဇင်ဘာ ၂၅

ရခိုင်ပြည်နယ်၀န်ကြီးချုပ် ဦးညီပုသည် ကျောက်တော်မြို့နယ် တောင်မင်းကုလား ကျေးရွာနှင့် ကန်စောက်ကျေးရွာတို့တွင် နယ်မြေလုံခြုံရေးအခြေအနေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

ရခိုင်ပြည်နယ်၀န်ကြီးချုပ်ဦးညီပုနှင့် ဇနီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး၊ ဗိုလ်မှူးကြီးဖုန်းတင့်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး၀န်ကြီး ဦးကျော်အေးသိန်း၊ စည်ပင်သာယာရေး၀န်ကြီး ဦးဝင်းမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များတို့နှင့်အတူ ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာနှင့် ကန်စောက်ကျေးရွာတို့၌ နယ်မြေ လုံခြုံရေးကြောင့် ခိုလှုံနေသော နေရပ်စွန့်ခွာတိမ်းရှောင်သူများအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်၀န်ကြီးချုပ်က ဦးညီပုက နယ်မြေလုံခြုံရေးအခြေအနေ ကြောင့် မိမိတို့ရပ်ရွာများ၊ အိုးအိမ်များနှင့် အလုပ်အကိုင်များကို စွန့်ခွာပြီး ယခုလို ဆင်းရဲ ဒုက္ခခံကာလာရောက်နေထိုင်ကြရသည့်အတွက် များစွာစိတ်မကောင်းဖြစ်မိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နောင်တွင် ယခုကဲ့သို့သော ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားအောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ဒေသခံကျေးရွာသူ ကျေးရွာသား များ မိမိတို့ရပ်ရွာများတွင် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့် နေထိုင်စားသောက် လုပ်ကိုင်နိုင်စေရန်အတွက် တည်ငြိမ်းအေးချမ်းမှု အမြန်ဆုံးရရှိအောင် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယခုလိုဆင်းရဲဒုက္ခခံပြီး လာရောက်နေထိုင်ကြချိန်တွင် မိမိတို့အစိုးရအဖွဲ့အနေ ဖြင့် စားသောက်နေထိုင်ရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ လိုအပ်ပါကလည်း ထပ်မံကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း၊ ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုအတွက်လည်း လိုအပ်သည့် ဆရာဝန်၊ ဆရာမ များနှင့် ဆေးဝါးပစ္စည်းများကိုလည်း အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ထို့အတူ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ကလည်း စားဝတ်နေရေးအတွက် လိုအပ်သည်များကို ထောက်ပံ့ကူညီလျက်ရှိပါကြောင်း၊ အခက်အခဲနှင့် လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြရန် တိုက်တွန်းပြောကြားသည်။

တွေ့ဆုံပွဲများတွင် နယ်မြေလုံခြုံရေးအခြေအနေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေသူ များ စီးပွားရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးအခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြ ကြရာ ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးကြသည်။

ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာ၌ နယ်မြေလုံခြုံရေးကြောင့် ခိုလှုံလျက်ရှိသော နေရပ်စွန့်ခွာတိမ်းရှောင်သူအိမ်ထောင်စု(၁၆၈)စုအတွက် အိမ်ထောင်စု တစ်စုလျှင်ငွေကျပ်(၅၀၀၀ဝိ/-)နှုန်း၊ ကန်စောက်ကျေးရွာ နယ်မြေလုံခြုံရေးကြောင့် ခိုလှုံလျက်ရှိသော နေရပ်စွန့်ခွာတိမ်းရှောင်သူအိမ်ထောင်စု(၁၄၄)စုအတွက် အိမ်ထောင်စု တစ်စုလျှင်ငွေကျပ်(၅၀၀၀ဝိ/-)နှုန်း ထောက်ပံ့ပေးပြီး ကလေးတွေကို စားစရာတွေ ဝေငှ ပေးအပ်ခဲ့သည်။

ကန်စောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက နယ်မြေလုံခြုံရေး အခြေအနေကြောင့် ကန်စောက်ဘုန်းထောက်ကြီးကျောင်းကို သလွန်ချောင်းကျေးရွာအုပ်စုရှိ ကျေးရွာ(၄)ရွာက ရွာသူရွာသားတွေလာရောက်ခိုလှုံနေပါတယ်။ အများစုက ကလေးနဲ့အမျိုးသမီးများတွေပါ။ ဒီကျောင်းကို ဒီဇင်ဘာလ ၁၈ ရက်ကစပြီးတော့ လာရောက်ခိုလှုံကြပါတယ်။ နေစရာကတော့ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှာ စုပေါင်းနေကြပါတယ်။ လူဦးရေ(၁၀၀)ကျော်ခန့်ရှိပါတယ်။ ဒီဇင်ဘာ ၂၀ ရက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးက စားနပ်ရိက္ခာတွေ လာရောက်ထောက်ပံ့တာ ရှိတယ်။ နောက်ပြီးတော့ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ICRC ကတာဝန်ရှိသူတွေက စားနပ် ရိက္ခာတွေအပြင် အနွေးအထည်ကအစ စောင်တွေ၊ အဝတ်အစားတွေ လာရောက်ထောက်ပံ့ ပေးပါတယ်။ ဒီနေ့မှာတော့ ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေက တစ်အိမ်ထောင်စုကို ငွေကျပ် (၅၀၀၀ဝိ/-)လာရောက်ထောက်ပံ့ပေးတဲ့အတွက် အားလုံးရဲ့ ကိုယ်စားကျေးဇူးတင်ပါတယ် ဟု ပြောသည်။

ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားကျေးရွာနှင့် ကန်စောက်ကျေးရွာတို့ရှိ နယ်မြေလုံခြုံရေးအခြေအနေကြောင့် ခိုလှုံလျက်ရှိသော နေရပ်စွန့်ခွာတိမ်းရှောင်သူ အိမ်ထောင်စုများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် အမျိုးသားဝတ်ပုဆိုး၊ အမျိုး သမီးဝတ်လုံချည်၊ မျက်နှာသုတ်ပုဝါနှင့် တီရှပ်အင်္ကျီများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းက မိုးကာစ၊ စောင်၊ ဆေးခြင်ထောင်၊ အမျိုးသားဝတ်ပုဆိုး၊ အမျိုးသမီးဝတ်လုံချည်၊ ကျောင်းသားဝတ်အင်္ကျီ၊ ကျောင်းသားဝတ် ဘောင်းဘီ၊ ကျောင်းသူဝတ်အင်္ကျီ၊ ကျောင်းသူဝတ်စကတ်၊ ကျောင်းသူဝတ်ဘောင်းဘီ၊ နိုင်လွန်းကြိုး၊ တူ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ပလက်စတစ်ပုံးများပါဝင်သော ပုံးတစ်ပုံး၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ မျက်နှာသုတ်ပုဝါ၊ ကိုယ်တိုက်ဆပ်ပြာ၊ အဝတ်လျော်ဆပ်ပြာ၊ အိမ်သာသုံးစက္ကူ၊ ဆပ်ပြာမှုန့်၊ သောက်ရေခွက်၊ ဘီးနှင့်စက္ကူဘူးတို့ပါဝင်သော ပုံးတစ်ပုံးစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။