(၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ရခိုင်ရိုးရာကျင်ကိုင်ပွဲဆုပေးပွဲ အခမ်းအနားကို စစ်တွေမြို့ဝင်္ကဘာကွင်း၌ ကျင်းပ


Rakhine State Government/ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ / December 19, 2018


စစ်တွေ ဒီဇင်ဘာ ၁၈

(၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲ နောက်ဆုံးနေ့ ရွှေမောင်းတန်းဗိုလ်လုပွဲ၊ ငွေမောင်းတန်းဗိုလ်လုပွဲနှင့် ဆုပေးပွဲတို့ကို ယနေ့ညနေပိုင်းတွင် စစ်တွေမြို့ ဝင်္ကဘာကွင်း၌ ကျင်းပသည်။

ကျင်ပွဲဆုပေးပွဲမတိုင်မှီ ရခိုင်ပြည်နယ်အနှံအပြားမှ ငွေမောင်းတန်းကျင်သန်းများ၊ ရွှေမောင်းတန်းကျင်သန်များက မိမိတို့အတန်းအလိုက်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ငွေမောင်တန်း ပထမဗိုလ်လုပွဲတွင် ဇော်လင်းနိုင်(ရဟတ်တောင်)နှင့် တင်မောင်(ကျောက်ဖြူ)တို့ယှဉ်ပြိုင်ကြရာ ဇော်လင်းနိုင်(ရဟတ်တောင်)က အနိုင်ရရှိပြီး ပထမငွေမောင်းကို ရရှိသွားသည်။

ဆက်လက်၍ ရွှေမောင်းတန်း ပထမဗိုလ်ပွဲတွင် ထွန်းလင်းအောင်(ကျောက်ဖြူ)နှင့် မင်းမင်းထွန်း(ပေါက်တော-သဝင်ချောင်း)တို့ ယှဉ်ပြိုင်ကြရာ ထွန်းလင်းအောင်(ကျောက်ဖြူ)က အနိုင်ရရှိပြီး ပထမရွှေမောင်းကို ရရှိသွားသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ငွေမောင်းတန်း ပထမ၊ ဒုတိယနှင့် ပူးတွဲ တတိယဆုရရှိကြသူများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်က ငွေမောင်း ဆုတံဆိပ်၊ စလွယ်နှင့် ငွေသားဆုတို့အားလည်းကောင်း၊ ပြည်နယ်၀န်ကြီးချုပ် ဦးညီပုက ရွှေမောင်း တန်းပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို ရွှေမောင်းဆုတံဆိပ်၊ စလွယ်နှင့် ငွေသားဆုတို့အားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲသို့ ရခိုင်ပြည်နယ်အတွင်းမှ ငွေမောင်း တန်း ကျင်သန်(၁၃၀)ဦးနှင့်ရွှေမောင်းတန်းကျင်သန်(၂၇)ဦးရောက်ရှိယှဉ်ပြိုင်ကြကြောင်းသိရသည်။

ရခိုင်ပြည်နယ်နေ့ ကျင်ကိုင်ပွဲ၌ ရွှေမောင်းတန်း ပထဆုငွေကျပ်(၃၂)သိန်း၊ ဒုတိယဆု ငွေကျပ်(၂၄)သိန်း၊ ပူးတွဲတတိယဆုငွေကျပ်(၁၆)သိန်းပေးအပ်ချီးမြှင့်ခဲ့ပြီး ငွေမောင်းတန်းတွင် ပထမဆုငွေကျပ်(၂၄)သိန်း၊ ဒုတိယဆုငွေကျပ်(၁၆)သိန်း၊ ပူးတွဲတတိယဆုငွေကျပ်(၁၂)သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။

ယနေ့ဆုပေးပွဲအခမ်းအနားသို့ ပြည်နယ်၀န်ကြီးချုပ်ဦးညီပု၊ ပြည်နယ်တရားလွှတ်တော် ဦးကျောက်၊ ပြည်နယ်၀န်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာများ၊ရခိုင်ရိုးရာကျင်အားကစား သများနှင့် ကျင်ဝါသနာရှင်များ တက်ရောက်အားပေးကြကြောင်း သိရသည်။