(၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ရခိုင်ရိုးရာကျင်ကိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စစ်တွေမြို့ ဝင်္ကဘာကွင်း၌ ကျင်းပ


Rakhine State Government/ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ / December 18, 2018


စစ်တွေ၊ ဒီဇင်ဘာ ၁၆

ကျင်ပိုင်ပွဲကို ကျင်ပွဲကျင်းရေးလုပ်ငန်းကော်မတီဥက္ကဌပြည်နယ်လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေး၀န်ကြီးဦးအောင်ကျော်ဇံ၊ ကျင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ကျင်ပွဲဒိုင်အဖွဲ့ ဒိုင်ချုပ်တို့က ဖွဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် စိုင်းဒြားရခိုင် စည်အဖွဲ့မှ စီစဉ်တင်ဆက်သော ရှုမောဖွယ်ရာ ရခိုင်ရိုးရာကျင်ပညာ(သရုပ်ပြကကွက်)များဖြင့် သီဆို ကပြဖြေဖျော်ကြပြီး ရခိုင်ကျင်သန်များက မင်္ဂလာကျင်ကိုင်သရုပ်ပြသကြသည်။

စိုင်းဒြားရခိုင်စည်အဖွဲ့၊ ကျင်ယိမ်းဖြစ်မြောက်ရေးတွဲဘက်အတွင်းရေးမှူး၊ ဦးကျော်ဇံမောင် က ရခိုင်ရိုးရာကျင်ကိုင်ပွဲမှာ နှစ်စဉ်နှစ်တိုင်းနှင့်မတူပဲထူးခြားစွာဖြင့် ကျင်ဖမ်းကွက်တွေမြောက်များ စွာထဲက ကျင်ဖမ်းကွက်အချို့ကို ဒီနေ့မှ သရုပ်ဖော်ကပြခဲ့ပါတယ်။ ဒီလိုကပြနိုင်ဖို့အတွက် ကျွန်တော် တို့အဖွဲ့က ဆယ်ရက်လောက်လေ့ကျင့်ခဲ့ရပါတယ်။ ကျွန်တော်တို့ စိုင်းဒြားရခိုင်စည်အဖွဲ့က လူငယ် တွေကို ပြည်ကျင်သန်ကြီးတွေဖြစ်တဲ့ ဦးသာထွန်းဦးနှင့် ဦးမောင်ပုချေတို့က နည်းပြပြီးတော့ လေ့ကျင့်သင်ယူခဲ့ကြပါတယ်။

ဒီနေ့ပြကွက်တွေထဲမှာ ရခိုင်ဘုရင်လက်ထက်က ရခိုင်စစ်သူကြီးစုံတန်းလက်ယာပျံချီဟာ မြင်းစီးပြီးမြို့တွင်း လှည့်လည်တဲ့ပြကွက်တွေကို သမိုင်းအထောက်အထားတွေနဲ့ လေ့လာပြီး ထည့်သွင်းသရုပ်ပြသခြင်းလည်းပါဝင်ပါတယ်။ ဒါ့အပြင် ကျင်ဖမ်းတဲ့ လူကကျင်ကိုင်တဲ့အခါ အခံလူကိုဘယ်လိုနည်းလမ်းတွေ့နဲ့ နည်းမျိုးစုံနဲ့ပေါ့အနိုင်ကိုင်ချတဲ့ ကျင်ဖမ်းနည်းကိုပေါ်လွင်သရုပ် ပြသခြင်းဖြစ်ပါတယ်။ ကျင်ကွက်ကတော့ သမိုင်းအရဆိုရင် သုံးဆယ်ကျော်ရှိပြီးတော့ ဒီနေ့မှာတော့ ကျင်ဖမ်းနည်း ၁၈ ကွက်ကို သရုပ်ပြသသွားခြင်းဖြစ်ပါတယ်။ ဆရာအနေနဲ့ ပြောချင်တာက ဒီလို ပွဲမျိုးမှာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူငယ်တွေပါဝင်ယှဉ်ပြိုင်လာအောင် ကြိုးစားပေးကြဖို့ ရခိုင် ရိုးရာကျင်ကို မြန်မာနိုင်ငံသာမက ကမ္ဘာကပါသိရှိလာအောင် ဆောင်ရွက်ပေးကြဖို့ ပြောကြားလိုပါ တယ် ဟုပြောသည်။

ရခိုင်ရိုးရာကျင်ကိုင်ပွဲကို စစ်တွေမြို့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ပြီး ကျင်းပ လျက်ရှိရာ ရွှေမောင်းတန်းတွင် ပထဆုငွေကျပ်(၃၂)သိန်း၊ ဒုတိယဆုငွေကျပ်(၂၄)သိန်း၊ ပူးတွဲ တတိယဆုအတွက်ငွေကျပ်(၁၆)သိန်းပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ ထို့အပြင် ငွေမောင်းတန်း တွင် ပထမဆုငွေကျပ်(၂၄)သိန်း၊ ဒုတိယဆုငွေကျပ်(၁၆)သိန်း၊ ပူးတွဲတတိယဆုငွေကျပ်(၁၂)သိန်း ပေးအပ်ချီးမြှင့်သွားဖြစ်ကြောင်းသိရသည်။

အဆိုပါကျင်ကိုင်ပွဲကို စစ်တွေမြို့၊ ဝင်္ကဘာကွင်းတွင် ဒီဇင်ဘာလ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့ ထိ ကျင်းပလျက်ရှိရာ ပထမနေ့တွင် ငွေမောင်းတန်းကျင်သန်များ ကျင်ကိုင်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း ကျင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

ကျင်ကိုင်ပွဲဖွင့်ပွဲသို့ ပြည်နယ်၀န်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျင်သန်ကြီးများနှင့် ကျင်ဝါသနာရှင်များ တက်ရောက်ကြကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)