(၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားစစ်တွေမြို့တွင် ကျင်းပ


Rakhine State Government/ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ / December 15, 2018


စစ်တွေ၊ ဒီဇင်ဘာ၁၅

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့်(၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ကို ယနေ့နံနက် ၀၉၀၀ နာရီတွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ငရို့ရခိုင်သား သီချင်းဖြင့် ကပြသီဆိုပြီး အခမ်းအနားကို စတင် ဖွင့်လှစ်ကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မှ (၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက ဖတ်ကြားပြီး ရခိုင်ပြည်နယ်နေ့ကျင်းပရခြင်းနှင့် ပတ်သက်၍ စစ်တွေမြို့မြို့မိ၊ မြို့ဖ ဦးမောင်သိန်းဖြူ(စာရေးဆရာ ဂေါယာမြေစောဝင်း)က ရခိုင်ပြည်နယ်နေ့ပေါ်ပေါက်လာပုံနှင့် ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ဟောပြောသည်။ ယင်းနောက် ရွှေပင်ကိုယ်ပိုင် ကျောင်းမှ ကျောင်းသူလေးများက လှစီချင် သီချင်းဖြင့် ကပြဖြေဖျော်ကြသည်။

ဆက်လက်၍ ၂၀၁၈ ခုနှစ် (၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့နှင့်ပတ်သက်၍ ပြည်နယ် ၀န်ကြီးချုပ်၏ အမှုထမ်းကောင်းဆု၊ ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခံရသူများ၊စာပေထူးချွန်ဆုရရှိသူများ၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့်နှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ တွင် ဆုရရှိကြသူများ၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် ဝတ္ထု(ပုံပြော)ပြိုင်ပွဲတွင် ဆုရရှိကြသူ များကို ပြည်နယ်၀န်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌနှင့် ပြည်နယ်၀န်ကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့် ပေးကြသည်။

ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပြည်နယ်၀န်ကြီးချုပ် ဦးညီပုနှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဌ ဦးမြသန်း၊ ပြည်နယ်၀န်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖ များ၊ ဆရာ၊ ဆရာမများ၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်များ ထူးချွန်ဆုရရှိကြသူများနှင့် ဆုရ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ထို့အတူ ယနေ့နံနက် ၀၅၀၀ နာရီကျော်ခန့်တွင် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ပြီး စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများအား ပင့်ဖိတ်ကာ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးရင်ပြင်၌ အာရုဏ် ဆွမ်းကပ်လှူခြင်း၊ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း၊ ပုရိတ်တရားတော်များနာကြားခြင်း တို့ကို ကျင်းပပြုလုပ်ခဲ့ကြသည်။ တင်ထွန်း(ပြန်/ဆက်)