မြန်မာနိုင်ငံ ငွေကြေးတည်ငြိမ်ရေးအတွက် ငွေကြေးမူဝါဒ အကောင်အထည်ဖော်နေသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လုပ်ငန်းဆောင်ရွက်ချက်များ


Central Bank/ နေပြည်တော် / April 06, 2018


မင်းမင်းဇော် (ကလေး)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒုတိယ(၁)နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများ အပါအဝင် လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုက်ရပါသည်။

မေး ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အဓိက ဆောင်ရွက်ချက်ကို သိလိုပါတယ်ခင်ဗျာ။

ဖြေ ။ နိုင်ငံတော်အစိုးရသစ်ရဲ့ နှစ်နှစ်တာ သက်တမ်းကာလအတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ ငွေကြေး တည်ငြိမ်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမီတဲ့ ဒေသတွေက ပြည်သူတွေ အတွက် (Unbanked People in remote areas) ငွေရေးကြေး ရေးဝန်ဆောင်မှုတွေကို တိုးမြှင့်ရရှိစေဖို့ အရှိန်အဟုန်နဲ့ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေအသစ်ကို ၂၀၁၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်ခဲ့ပြီး အဓိက ရည်မှန်းချက်ဖြစ်တဲ့ ပြည်တွင်းဈေးနှုန်း တည်ငြိမ်မှုရရှိရေးနဲ့ ထိန်းသိမ်းရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။

အဲဒီရည်မှန်းချက်နဲ့အညီ ငွေကြေးတည်ငြိမ်ရေး (Monetary Stability) ၊ ငွေရေးကြေးရေး စနစ်တည်ငြိမ်ရေး (Financial System Stability) နဲ့ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှု စနစ်များ ဖွံ့ဖြိုးတိုးတက်ရေး (Payments and Settlement System Development) စတဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက် လျက် ရှိပါတယ်။

မေး ။ ငွေကြေးတည်ငြိမ်မှုအတွက် အကောင် အထည်ဖော် ဆောင်ရွက်ချက်တွေနဲ့ ဆောင်ရွက်မှုရလဒ်တွေကို ပြောပြပေးစေလိုပါတယ်။

ဖြေ ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ ငွေကြေး တည်ငြိမ်ဖို့အတွက် ငွေကြေးမူဝါဒကို အကောင်အထည် ဖော်ရာမှာ သီးသန့်ငွေကြေးပမာဏကို ရည်မှန်းချက် သတ်မှတ်ထားရှိတဲ့ ငွေကြေး မူဝါဒမူဘောင် (Reserve Money Targeting Monetary Policy Framework) ကို ကျင့်သုံးလျက်ရှိပါတယ်။ ငွေကြေးမူဝါဒ နည်းလမ်းတွေဖြစ်တဲ့ အတိုးနှုန်းမူဝါဒ (Interest Rate Policy) ချမှတ်ဆောင်ရွက်ခြင်း၊ အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် (Minimum Reserve Requirement) သတ်မှတ်ခြင်း၊ ငွေရေးကြေးရေး ဈေးကွက်မှာ စာချုပ်များရောင်းဝယ်ခြင်း (Open Market Operation) နဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒ (Foreign Exchange Rate Policy) ချမှတ် ဆောင်ရွက်ခြင်းတွေကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ တယ်။

မေး ။ အတိုးနှုန်းမူဝါဒ ချမှတ်ဆောင်ရွက်ချက်နဲ့  ပတ်သက်လို့ ရှင်းပြပေးစေလိုပါတယ်။

ဖြေ ။ အတိုးနှုန်းမူဝါဒအနေနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ လျှော့နှုန်းကို ၁၀ ရာခိုင်နှုန်း၊ အပ်ငွေအပေါ် ပေးရမယ့် အနိမ့်ဆုံးအတိုးနှုန်းကို ၈ ရာခိုင်နှုန်းနဲ့ ချေးငွေတွေနဲ့ စာရင်းပိုထုတ် ချေးငွေတွေအပေါ်မှာ တောင်းခံနိုင်တဲ့ အမြင့်ဆုံး အတိုးနှုန်းကို ၁၃ ရာခိုင်နှုန်း သတ်မှတ် ဆောင်ရွက် လျက်ရှိပါတယ်။ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းနဲ့ စီးပွားရေး ဆိုင်ရာ ကိန်းဂဏန်းတွေရဲ့ ဆက်စပ်ဖြစ်ပေါ်နေမှုတွေကို သေချာစွာ စိစစ်လေ့လာပြီး အတိုးနှုန်း ကို မူဝါဒဆိုင်ရာ အတိုးနှုန်းအဖြစ် သတ်မှတ်ခြင်းအစား ဈေးကွက်ကို ထင်ဟပ်စေ မယ့် အတိုးနှုန်းဖြစ်စေဖို့အတွက် အတိုးနှုန်းဆိုင်ရာ ဖြေလျှော့မှုတွေကို ဆောင်ရွက်ပေးဖို့ အစီအစဉ် တွေ ထားရှိပါတယ်။

မေး ။ အပ်ငွေလေလံနဲ့ ချေးငွေလေလံ ခေါ်ယူခြင်းအကြောင်းကိုလည်း ရှင်းပြပေးပါ။

ဖြေ ။ ငွေကြေးမူဝါဒ နည်းလမ်းတစ်ရပ်ဖြစ်တဲ့ အပ်ငွေလေလံနဲ့ ချေးငွေလေလံ ခေါ်ယူခြင်းတွေ ဆောင်ရွက်ရာမှာ စီးပွားရေးစနစ်ရှိ ငွေကြေးပမာဏသည် ရည်မှန်းချက်ထားရှိတဲ့ ငွေကြေး ပမာဏထက် ကျော်လွန်နေမယ်ဆိုရင် အပ်ငွေလေလံ (Deposit Auction) ခေါ်ယူပြီး ပိုလျှံတဲ့ ငွေကြေးပမာဏတွေ နုတ်သိမ်းခြင်းကို ဆောင်ရွက်ပါတယ်။ အကယ်၍ စီးပွားရေးစနစ်ရှိ ငွေကြေးပမာဏသည် ရည်မှန်းချက် ထားရှိသော ငွေကြေးပမာဏအောက် လျော့နည်းပါက ချေးငွေ လေလံခေါ်ယူပြီး လိုအပ်တဲ့ ငွေကြေး ပမာဏ ဖြည့်တင်းခြင်းကို ဆောင်ရွက်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိမေခရို စီးပွားရေးအခြေအနေအရ ပိုလျှံ ငွေကြေးပမာဏတွေ ဖြစ်ပေါ်တဲ့ အတွက် အပ်ငွေလေလံခေါ်ယူခြင်းဖြင့် ပိုလျှံငွေကြေး နုတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။

မေး ။ ငွေဖောင်းပွမှုနှုန်း လျှော့ချနိုင်ခဲ့ခြင်းနဲ့ ပတ်သက်လို့လဲ သိချင်ပါတယ်။

ဖြေ ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ စုစုပေါင်း  ငွေကြေးပမာဏနဲ့ သီးသန့်ငွေ ကြေးပမာဏတွေကို ငွေကြေးပမာဏရည်မှန်းချက်တွေအဖြစ် ထားရှိပြီး သတ်မှတ်ထားတဲ့ ရည်မှန်းချက် ဘောင်အတွင်းရောက်ရှိ အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ငွေဖောင်းပွမှုနှုန်းဟာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ၉ ဒသမ ၉၉ ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၈၁ ရာခိုင် နှုန်းနဲ့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၄ ဒသမ ၆၁ ရာခိုင်နှုန်းသို့ အသီးသီးကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ငွေဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်တဲ့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်လိုငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖြည့်ဆည်းပေးရခြင်းကို လျှော့ချနိုင်ဖို့ အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဘဏ်တွေအပါအဝင် ငွေရေးကြေးရေး အဖွဲ့အစည်းတွေကို အစိုးရငွေတိုက် လက်မှတ်များ ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်း (Treasury Bill Auction) ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ပါတယ်။ ထို့ပြင် အစိုးရငွေတိုက်စာချုပ်တွေကို ဈေးပြိုင် စနစ်ဖြင့် ရောင်းချခြင်း (Treasury Bond Auction) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပါတယ်။

မေး ။ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေဖို့ ဆောင်ရွက်ချက်တွေကကော ခင်ဗျာ။

ဖြေ ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ Fixed Exchange Rate System ကို ကာလ ကြာရှည်စွာ ကျင့်သုံးခဲ့ရာ က Managed Floating Exchange Rate System ကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ပြောင်းလဲ ကျင့်သုံးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားငွေ ဈေးပြိုင်လေလံ (Foreign Exchange Auction) ကိုနေ့စဉ်ဆောင်ရွက် ပြီး နေ့စဉ်ရည်ညွှန်းနိုင်ငံခြားငွေ လဲလှယ်နှုန်း (Daily Reference Exchange Rate) ကို ထုတ်ပြန်လျက် ရှိပါတယ်။ နိုင်ငံခြား ငွေကြေးဈေးကွက် (Interbank FX Market) ကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လမှာ စတင် တည်ထောင်နိုင်ခဲ့ပါတယ်။

ဘဏ်တွေရဲ့ နေ့စဉ်အရောင်း၊ အဝယ်စာရင်းတွေ၊ ဘဏ်တွေနဲ့ Customer တွေ အကြားနေ့စဉ် အရောင်း၊ အဝယ်စာရင်းတွေကို တစ်နေ့လျှင် (၄) ကြိမ် Manual စနစ်နဲ့ သတင်းများ ပေးပို့ခြင်းအစား ၂၀၁၆ ခုနှစ်၊ မတ်လကစတင်ပြီး Electronic Reporting System ကို သုံးစွဲကာ Online မှ သတင်းပေးပို့ရတဲ့စနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ပြည်တွင်းသုံးကျပ်ကျပ်ငွေရဲ့ အခန်းကဏ္ဍတိုးတက် မြင့်မားရေး၊ ပြည်တွင်းမှာ ဒေါ်လာကျယ်ပြန့်စွာအသုံးပြုမှု (Dollarization) မဖြစ်ပေါ်စေရေးနဲ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း (Foreign Exchange Rate) တည်ငြိမ်စေရေးတို့အတွက် ငွေပေးချေမှုတွေကို နိုင်ငံခြား သုံးငွေဖြင့် ဈေးနှုန်း သတ်မှတ်ခြင်းနဲ့ သုံးစွဲခြင်းကို မပြုလုပ်ဘဲ ပြည်တွင်းသုံးကျပ် ကျပ်ငွေဖြင့်သာပြုလုပ်ရန် ဆောင်ရွက် လျက်ရှိပါတယ်။ ဘဏ်တွေနဲ့ ဘဏ်မဟုတ်တဲ့ Money Changer ကောင်တာတွေရဲ့ ငွေလဲကောင်တာတွေမှာ နိုင်ငံခြားငွေ ၅ မျိုးဖြစ်တဲ့ အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်နဲ့မလေးရှားရင်းဂစ်တို့ကို ရောင်းဝယ်ခွင့်ပြု ထားပါတယ်။

၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့မှာပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်းလိုင်စင် (Authorized Dealer License) နဲ့ နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) တွေကို ဘဏ်များအား ခွင့်ပြုထုတ်ပေးပြီး ဘဏ်မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းများ ကိုလည်း Money Changer License တွေကို ခွင့်ပြုထုတ်ပေးလျက် ရှိပါတယ်။

အစိုးရသစ်လက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (၂) နှစ်တာ ကာလအတွင်း ဘဏ်မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကို Money Changer License ၉၅ ခု ခွင့်ပြုခဲ့ပြီးကောင်တာ ၁၃၁ ခု တိုးချဲ့ဖွင့်လှစ်ခွင့်ပြုခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ အထိကောင်တာစုစုပေါင်း ၄၂၅ ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ ဘဏ်လုပ်ငန်းကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ချက်တွေကို သိလိုပါတယ်။

ဖြေ ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ ဘဏ်မှာ ငွေအပ်နှံသူတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးရေးနဲ့ ငွေရေးကြေးရေးစနစ်တည်ငြိမ်မှု၊ လုံခြုံမှုနှင့်ခိုင်မာမှုတွေကို ထိန်းသိမ်း ဖို့အတွက် နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ ဘဏ်တွေကို ထိရောက်စွာ ကြပ်မတ် ကွပ်ကဲခြင်းနဲ့ ကြီးကြပ်စစ်ဆေးခြင်းတွေကို ဆောင်ရွက်ရာ မှာ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ မတည်ငွေရင်း လုံလောက်မှုဆိုင်ရာ စည်းမျဉ်း၊ ရရန်ပိုင်ခွင့်များ အမျိုးအစား သတ်မှတ်ခြင်းနဲ့ လျာထားခြင်းဆိုင်ရာစည်းမျဉ်း၊ ပမာဏကြီးမားသော ကြွေးမြီများဆိုင်ရာ စည်းမျဉ်းနဲ့ ငွေကြေးလွယ်ကူမှုအချိုး သတ်မှတ်ချက်ဆိုင်ရာ စည်းမျဉ်းတို့ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီစည်းမျဉ်းတွေဟာ နိုင်ငံတကာဘဏ်များလိုက်နာရန် သတ်မှတ်ထားတဲ့ ဘာဆဲလ်စည်းမျဉ်း များ (Basel Principles) ကို လိုက်နာကျင့်သုံးဖို့ ကနဦးဆောင်ရွက်ချက်ဖြစ်သော်လည်း စည်းမျဉ်းတွေကို လိုက်နာရာမှာ ပြည်တွင်းဘဏ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အခက်အခဲ မကြုံတွေ့စေဖို့ စည်းမျဉ်းများပါ သတ်မှတ်ချက် တွေကိုအတိုင်းအတာတစ်ရပ်အထိ ဖြေလျှော့ပေးခဲ့ပါတယ်။

မေး။ စည်းမျဉ်းတွေနဲ့ ပတ်သက်လို့ ဖြေလျှော့ပေးထားတဲ့ အခြေအနေတွေကိုလည်း ဆက်လက် ရှင်းပြပေးပါ။

ဖြေ ။ စည်းမျဉ်းများ လိုက်နာနိုင်ဖို့အတွက် ဖြေလျှော့ပေးမှုတွေအနေနဲ့ ၂၀၁၇ ခုနှစ်မှာ ရရန်ပိုင်ခွင့် အမျိုးအစား များသတ်မှတ်ခြင်းနဲ့လျာထားခြင်းဆိုင်ရာစည်းမျဉ်းအရ ဘဏ်တွေရဲ့ စာရင်းရှိ စာရင်းပိုထုတ်ချေးငွေ (Overdraft) တွေကို တစ်ဆက်တည်းဖြစ်တဲ့ ရက်သတ္တ နှစ်ပတ်အတွင်း စာရင်းရှင်းလင်းပြီး အပြည့်အဝ ပြန်လည်ပေးဆပ်ခြင်းကို နှစ်စဉ်ဆောင်ရွက်ရန် သတ်မှတ်ချက်ကို သုံးနှစ်ကာလထက်မပိုသော ကာလ သတ်မှတ်ချက်ချေးငွေ (Term Loan) များအဖြစ်ပြောင်းလဲပြင်ဆင် ခွင့်ပြုခဲ့ပါတယ်။

ငွေကြေးလွယ်ကူမှုအချိုး သတ်မှတ်ချက်ဆိုင်ရာ စည်းမျဉ်းအရ ငွေကြေးလွယ်မှု အချိုး တွက်ချက်မှုဇယားမှာ ငွေဖြစ်လွယ်တဲ့ ရရန်ပိုင်ခွင့်များတွက်ချက်မှုမှာ အရင်က တစ်နှစ်ထက် သက်တမ်းပိုရှိတဲ့ အစိုးရငွေတိုက် စာချုပ်တွေကို ထည့်သွင်းတွက်ချက်ခြင်း မပြုခဲ့ပေမယ့် ငွေတိုက်စာချုပ်များ တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းကို ထည့်သွင်းတွက်ချက်ခွင့်ပြုခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ ရရန်ပိုင်ခွင့်များ အမျိုးအစား သတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာ စည်းမျဉ်းအရ စာရင်းပိုထုတ်ချေးငွေများကို ကာလသတ်မှတ်ချက် ချေးငွေအဖြစ် ပြောင်းလဲ ပြင်ဆင်သတ်မှတ်ရာမှာ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့အတွက် အရင်းပြန်လည် ပေးဆပ်မှုကို ဆိုင်းငံ့ကာလ (Grace Period) အဖြစ် တစ်နှစ်အထိထားရှိဖို့ ပြင်ဆင်သတ်မှတ်တဲ့ ညွှန်ကြားချက်နဲ့ ပမာဏကြီးမားသောကြွေးမြီများ ဆိုင်ရာစည်းမျဉ်းအရ ပမာဏကြီးမားသော ကြွေးမြီတွေကို ကာလသတ်မှတ်ချက်ချေးငွေ သက်တမ်း (၃) နှစ်အတွင်း လျှော့ချမယ့် အစီအစဉ် တင်ပြရမယ့်ရက်ကို ပြင်ဆင်သတ်မှတ်တဲ့ ညွှန်ကြားချက်တွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

မေး ။ Financial Inclusion နှင့်စပ်လျဉ်းတဲ့ ဆောင်ရွက်ချက်တွေကို ပြောပြပေးပါ။

ဖြေ ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ နိုင်ငံအဝန်းရှိ ပြည်သူတွေအနေနဲ့ တိုးတက်ဖွံ့ဖြိုးလျက် ရှိတဲ့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု အသစ်တွေကို လွယ်လင့်တကူ လက်လှမ်းမီစွာ အသုံးပြုနိုင်ဖို့ အတွက် တိုင်းဒေသကြီး တွေနဲ့ပြည်နယ် အသီးသီးမှာ ပုဂ္ဂလိကဘဏ်တွေရဲ့ ဘဏ်ခွဲများဖွင့်လှစ် ဆောင်ရွက်ခွင့်ပြုခြင်း၊ မိုဘိုင်းဘဏ်လုပ်ငန်း (Mobile Banking)၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ (Mobile Financial Services) နဲ့ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်း လုပ်ငန်းတွေကို ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ အများပြည်သူတွေအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ လွယ်ကူစွာ ရရှိနိုင်စေဖို့ ပုဂ္ဂလိကဘဏ်တွေကို ဘဏ်ခွဲများ တိုးချဲ့ ဖွင့်လှစ်ခွင့်ပြုခဲ့ရာမှာ ၂၀၁၆ ခုနှစ်၊ မတ်လကုန်မှာ ဘဏ်ခွဲပေါင်း ၁၂၄၇ ခုရှိခဲ့ရာက (၂) နှစ်တာကာလအတွင်း ပုဂ္ဂလိက ဘဏ် ၂၄ ဘဏ်မှ နိုင်ငံအဝန်းဘဏ်ခွဲပေါင်း ၃၀၆ ခုကို ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် လက်ရှိအချိန်မှာ ဘဏ်ခွဲပေါင်း ၁၆၅၃ ခုကို ဖွင့် လှစ်ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်များပြားလာတာနဲ့အမျှ ဘဏ်လုပ်ငန်းတွေ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်စေဖို့ အတွက် ၂၀၁၅ ခုနှစ်မှာ နိုင်ငံခြားဘဏ် ကိုးဘဏ်ကို ပြည်တွင်းမှာ ဘဏ်ခွဲဖွင့်လှစ်ခွင့်ပြုခဲ့ရာမှ ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံခြားဘဏ် လေးဘဏ်ကို ဘဏ်ခွဲထပ်မံဖွင့်လှစ်ခွင့်ပြုခဲ့လို့ အခုအခါ ပြည်တွင်းမှာ နိုင်ငံခြားဘဏ်ခွဲ စုစုပေါင်း ၁၃ ခုဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများပေး လျက်ရှိပါတယ်။

ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းကို ဘဏ်နဲ့ငွေရေးကြေးရေး အဖွဲ့အစည်းတွေ အပြင် မိုဘိုင်းကွန်ရက် အော်ပရေတာများကပါ ဝန်ဆောင်မှုပေးနိုင်ရေး ရည်ရွယ်ပြီး မိုဘိုင်းကွန်ရက် အော်ပရေတာနှစ်ခုနဲ့ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း တစ်ခုကို မိုဘိုင်းငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။

မေး ။ ငွေကြေးခဝါချမှု အပါအဝင် အကြမ်းဖက် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် လက်ရှိဆောင်ရွက် နေမှု အခြေအနေတွေကို ပြောပြပေးပါ။

ဖြေ ။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ  ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (Anti Money Laundering / Countering the Financing of Terrorism -AML/CFT) ဆိုင်ရာလုပ်ငန်းတွေကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်လျက် ရှိရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲခြင်းနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ပြင်ဆင်ရေးဆွဲခြင်း စသည့်ကိစ္စရပ်တွေကို ဆက်စပ်ဝန်ကြီးဌာနများ ဖြစ်တဲ့ ပြည်ထဲရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အပါအဝင် သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှု စနစ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေကိုလည်း သိရှိလိုပါတယ်။

ဖြေ ။ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်မှာ စခဲ့တဲ့ CBM-NET (RTGS) System ကို International Standard နဲ့အညီဖြစ်စေဖို့ နည်းပညာအကူအညီ ဒုတိယအဆင့် Second Phase ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ Japan International Cooperation Agency (JICA) တို့က ဆက်လက် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ ပြည်တွင်းအခွန်များဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ပြီး အခွန်ထမ်းများအနေနဲ့ မည်သည့်ဘဏ်မှာ စာရင်းဖွင့်လှစ်ထားသည် ဖြစ်စေ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိပြည်တွင်းအခွန်များဦးစီးဌာန စာရင်းသို့ CBM-NET System ရှိ &Sd Customer Credit Transfer Function ကို အသုံးပြု၍ Online မှ အခွန်ပေး ဆောင်ခြင်းကို ဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေကို သိလိုပါတယ်။

ဖြေ ။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ ၊ က္ဘာ့ဘဏ်အပါအဝင် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ (South East Asian Central Banks Centre-SEACEN Centre) တွေနဲ့ ဘဏ်လုပ်ငန်းကဏ္ဍတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ‘ဒါ့အပြင် အာဆီယံ ငွေရေးကြေးရေးပေါင်းစည်းရေး လုပ်ငန်းစဉ်နဲ့ အာဆီယံ+၃ (တရုတ်၊ ဂျပန်၊ ကိုရီးယား) ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေကို ဒေသတွင်း နိုင်ငံများနဲ့အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။

မေး ။ Cryptocurrency ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးနိုင်ခြေတွေကိုမဖြစ်ပေါ်စေတဲ့ ဆောင်ရွက်ချက်တွေကို သိလိုပါတယ်။

ဖြေ ။ Cryptocurrency သည် ရွှေ (သို့မဟုတ်) အခြားအရာတစ်ခုခုကို ကျောထောက် နောက်ခံထားပြီး ရိုက်နှိပ်ထုတ်ဝေတဲ့ ငွေကြေးမျိုးမဟုတ်ဘဲ သင်္ချာနည်းပညာ (Mathematical Algorithm) နဲ့ လျှို့ဝှက် သင်္ကေတ သတ်မှတ်ခြင်းနည်းပညာ (Cryptography)အပေါ် အခြေခံ ထုတ်ဝေထားတဲ့ ဒီဂျစ်တယ်ငွေကြေး (Digital Currency) ဖြစ်ပါတယ်။ Cryptocurrency အသုံးပြုခြင်းရဲ့ အားနည်းချက်တွေမှာ တရားဝင် အသိအမှတ်ပြုထားတဲ့ ငွေကြေးမဟုတ်တဲ့ အတွက် ပေါ်ပေါက် လာတဲ့ဆုံးရှုံးမှုတွေကို အကာအကွယ် ပေးနိုင်မယ့် ဥပဒေဆိုင်ရာအာမခံချက် မရှိခြင်း၊ သုံးစွဲမှု၊ ဈေးကစားမှု မြင့်တက်လာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူ တွေအတွက် ဆုံးရှုံးနိုင်ခြေ မြင့်မားခြင်း၊ Cryptocurrency  ဖြစ်တဲ့အတွက် Hackers များမှ အချိန်မရွေး နှောင့်ယှက်ခိုးယူနိုင်သောကြောင့် လုံခြုံစိတ်ချရမှုမရှိခြင်းနဲ့ ငွေကြေး ခဝါချမှု (Money Laundering) ၊ အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့ခြင်း (Terrorist Financing) ၊ အခွန်ရှောင်ရှားခြင်း (Tax Evasion)နဲ့ လိမ်လည်မှုကျူးလွန်ခြင်း (Fraud) များ ပေါ်ပေါက် နိုင်ခြင်း တွေဖြစ်ပါတယ်။

လက်ရှိထုတ်ဝေအသုံးပြုလျက်ရှိတဲ့ Cryptocurrency များစွာရှိတဲ့အနက် Bitcoin ဟာ အသုံးပြုမှု အများဆုံးဖြစ်ပါတယ်။ Bitcoin နဲ့အခြား Cryptocurrency တွေသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးနိုင်ခြေကိကာကွယ်ဖို့အတွက် နိုင်ငံအချို့က စည်းမျဉ်းသတ်မှတ်ချက် တွေ ထုတ်ပြန်ခဲ့ကြပါတယ်။ ဂျပန်နိုင်ငံဟာ Japan’s Service Act (2016) အရ Bitcoin နဲ့ အခြား Cryptocurrencies များနဲ့ ပေးချေမှုတွေကို တရားဝင်ငွေကြေး မဟုတ်တဲ့ ပေးချေမှုများ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီး တရုတ်နိုင်ငံ ဗဟိုဘဏ်သည် Bitcoin ရောင်းဝယ်ခြင်းကို ပုဂ္ဂလိကအဖွဲ့အစည်းတွေကို ခွင့်ပြုထားပေမယ့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်ကစပြီး ဘဏ်ကဲ့သို့သော ငွေရေးကြေးရေးအဖွဲ့အစည်းများအား တားမြစ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်က Virtual Currency အသုံးပြုသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ Anti-money Laundering Law နဲ့ ငြိစွန်းသူအဖြစ် သတ်မှတ်ပြီး ပြစ်ဒဏ်ပေးခြင်းခံရမယ်လို့ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အိန္ဒိယဗဟိုဘဏ်ကလည်း Bitcoin အပါအဝင် Virtual Currency သုံးစွဲခွင့်ကို မည်သည့်အဖွဲ့အစည်း၊ ကုမ္ပဏီကိုမှ လိုင်စင် ထုတ်ပေးထားခြင်းနဲ့ အာဏာပေးအပ်ထားခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အင်ဒိုနီးရှားဗဟိုဘဏ်က ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၃ ရ က်နေ့မှာ ငွေပေးချေမှုများ ပြုလုပ် ရာမှာ Bitcoin အပါအဝင် Virtual Currencies များသည် တရားဝင်ငွေကြေးများ  မဟုတ်ကြောင်း၊ မလေးရှားနိုင်ငံ ဗဟိုဘဏ်က Bitcoin ကို တရားဝင်ငွေကြေးအဖြစ် အသိအမှတ်မပြုကြောင်း၊ စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့က Bitcoin သည် ငွေကြေး အစစ်အမှန် မဟုတ်သည့်အတွက် သတိထား ဆောင်ရွက်သင့်ကြောင်းနှင့် Bitcoin ဖြင့် ရင်းနှီးမြှုပ်နှံမှုများသည် ဆုံးရှုံးနိုင်ခြေ မြင့်မားကြောင်းတွေကို သတိပေးချက် အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံရှိ ကုမ္ပဏီတစ်ခုဟာ S-Coin ကို ဝယ်ယူရင်းနှီးမြှုပ်နှံဖို့ အများ ပြည်သူကို စည်းရုံး ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိကြောင်း သိရှိမှုအပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတိပေးဆောင်ရွက် ခဲ့ရာမှာ “IT နည်းပညာ တိုးတက်လာခြင်းကြောင့် ကမ္ဘာအနှံ့၌ငွေရေးကြေးရေးဆိုင်ရာ နည်းပညာ (Financial Technology) များ အများအပြား ပေါ်ပေါက်လာခဲ့ရာ online ဖြင့် ငွေကြေးအပေးအယူ ကိစ္စရပ်များအား Internet ၊ e-banking ၊ i-banking ၊ Mobile Banking သုံး၍ဖြစ်စေ၊ Credit Card မှဖြစ်စေ ငွေကြေး ထည့်ဝင်၍ ဘဏ်လုပ်ငန်းကဏ္ဍ (Banking Sector) ကို ဖြတ်သန်းနိုင်ပြီး တရားမဝင် ငွေကြေးစီးဆင်း မှုနှင့် ငွေကြေးခဝါချမှုများလည်း ရှိလာနိုင်သောကြောင့် ဘဏ်များအနေဖြင့်မိမိဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်း (Customer Due Diligence-CDD) ကိုတိုးမြှင့် ဆောင်ရွက်ကြရန်” ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာဘဏ်တွေကို သတိပေး အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ဘဏ်များအနေဖြင့် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်၊ လမ်းòန်ချက်များနှင့်အညီ AML/CFT လုပ်ငန်းစဉ်အား တိုးမြှင့်ဆောင်ရွက် ရန်၊ ငွေစာရင်းတစ်ခုအတွင်းသို့ ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲ ဆောင်ရွက်ကြောင်း တွေ့ရှိရပါက သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှု သတင်းပေးပို့ချက် အဖြစ် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့သို့ သတင်းပေးပို့ရန်နှင့် ဘဏ်၏ပေါ့လျော့ မှုကြောင့် AML/CFT နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအတွက် ဘဏ်ဝန်ဆောင်မှုကို ကြိမ်ဖန် များစွာအသုံးချနေကြောင်း စစ်ဆေးတွေ့ရှိရပါက စီမံခန့်ခွဲမှုဆိုင်ရာ အရေးယူမှုများ ပြုလုပ်မည် ဖြစ်ကြောင်းသတိပေး အကြောင်းကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆုံးရှုံးနိုင်ခြေမြင့်မားတဲ့ Bitcoin အပါအဝင် အခြားသော Cryptocurrency များအပေါ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ ပြည်သူများသို့ စည်းရုံး ဆွဲဆောင်ခြင်းများ ပြုလုပ်ခြင်းကိုတားမြစ်နိုင်ဖို့အတွက် Cryptocurrency အသုံးပြုခြင်းကို တားမြစ်ကာ တရားမဝင် ရောင်းဝယ်မှု သတ်မှတ်ပြီး AML/CFT စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာရောက်ကြောင်း ကြေညာချက် ထုတ်ပြန်ခြင်းများ ပြုလုပ်သင့်ပါတယ်။ Cryptocurrency အသုံးပြုမှုများပြုလုပ်နိုင်တဲ့ Software သို့မဟုတ် Software ရောင်းဝယ်မှုတွေကို တားမြစ်ပိတ်ပင်ခြင်းနဲ့ Cryptocurrency အရောင်းအဝယ်ပြုလုပ်တဲ့ Website များ၊ မိုဘိုင်း Software များနဲ့ အခြားသော ကြားခံဝန်ဆောင်မှုပေးခြင်းများကို ထိန်းချုပ်တားမြစ်ခြင်းတွေ ဆောင်ရွက်သင့်ပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှာ ပုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာများ ဘုတ်အဖွဲ့ အစည်းအဝေး (Board of Directors’ Meeting) မှာ Cryptocurrency နဲ့ စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါတယ်။ ယခုအခါမိမိတို့နိုင်ငံမှာ Cryptocurrency အမျိုးအစား များနဲ့ ဆက်စပ်တဲ့ကိစ္စများကြောင့် ပြည်သူများ ဆုံးရှုံး နစ်နာခဲ့တဲ့အတွက် အလားတူ ကိစ္စရပ်တွေ ထပ်မံမဖြစ်ပွားစေဖို့ Cryptocurrencies သုံးစွဲခြင်းကို အသိအမှတ် မပြုကြောင်း ညွှန်ကြားချက်ထုတ်ပြန်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးကိုတင်ပြခွင့်ပြုချက် တောင်းခံရယူ ပြီး ဆောင်ရွက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ မိမိရဲ့အဓိက ရည်မှန်းချက်နဲ့အညီ ရည်ရွယ်ချက်များ အောင်မြင် စေဖို့အတွက် အဓိက လုပ်ငန်းတာဝန်တွေကိုဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျား။ ။