ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပပြုလုပ်


Bago Region Government/ Bago Region / October 01, 2018


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပပြုလုပ်

=================================================================================================

အောက်တိုဘာလ ၁ ရက်နေ့

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ အောက်တိုဘာလ(၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အတွက် ကုလသမဂ္ဂမှ ချမှတ်ပေးသည့် ဆောင်ပုဒ်သည် သက်ကြီးအခွင့်အရေး ဖော်ဆောင်ဖို့ ကြိုးပမ်းသူကိုဂုဏ်ပြုစို့ ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအတွင်းက သက်ကြီးရွယ်အိုများရဲ့ အခန်းကဏ္ဍနှင့် အခွင့်အရေးတွေ ပိုမိုခိုင်မာအောင်ဆောင်ရွက်ရာမှာ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာ့ရေမြေသဘာဝနဲ့ လိုက်လျောညီထွေဖြစ်စေမည့် ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှု၊ မိမိကိုယ်မိမိစောင့်ရှောက်မှု၊ မိသားစုစောင့်ရှောက်မှုနှင့် အိမ်အခြေပြု၊ ရပ်ရွာစောင့်ရှောက်မှုအားလုံး လုံလောက်စွာရရှိအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ မိမိတို့အစိုးရအနေဖြင့် လည်းသက်ကြီးရွယ်အိုများ ကျန်းမာတက်ကြွပြီး ဂုဏ်သိက္ခာရှိစွာ ပါဝင်ဆောင်ခွင့်ရသည့် မြန်မာ့လူ့အဖွဲ့အစည်း ဖြစ်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း” ပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက အဘိုးအဘွားများအား ကန်တော့ကြိုးဖြင့် ကန်တော့ပြီး အခမ်းအနားတက်ရောက်လာသော အသက်(၈၅)နှစ်အထက် အဘိုး(၄၂)ဦး၊ အဘွား(၅၇)ဦးပေါင်း (၉၉)ဦးတို့အား ဂုဏ်ပြုလှူဒါန်းငွေများနှင့် ပစ္စည်းများပေးအပ်လှူဒါန်းကြရာ ကန်တော့ခံအဘိုးတစ်ဦးက ဆုပေးစကား ပြန်လည်ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးတွင် နှစ်စဉ် အောက်တိုဘာလ(၁)ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို ၁၉၉၉ခုနှစ်က စတင်ပြီးကျင်းပလာခဲ့ရာ ယခု၂၀၁၈ခုနှစ်တွင် အကြိမ်(၂၀)တိုင်ရှိခဲ့ပြီဖြစ်ပြီး အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို ၂၀၁၇-၁၈ဘဏ္ဍာရေးနှစ်မှစတင်၍ တစ်ဦးလျှင်(၁၀၀၀ဝိ/-)နှုန်းဖြင့် (၃)လတစ်ကြိမ် လူမှုရေးပင်စင် ထောက်ပံ့ပေးလျှက်ရှိရာမှ ယခုအခါ အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများကို ၂၀၁၈-၁၉ဘဏ္ဍာမှစတင်ပြီး လူမှုရေးပင်စင် ထောက်ပံ့ပေးရန်စီစဉ်လျှက်ရှိသည်။
အဆိုပါအခမ်းအနားအား သက်ကြီးရွယ်အိုအများစု ရင်ဆိုင်ကြုံတွေ့နေရသော ဆင်းရဲမွဲတေမှု၊ ကျန်းမာရေးမပြည့်စုံမှု၊ လူမှုရေးအထီးကျန်မှုနှင့် လူမှုအခွင့်အရေးများကို လူ့အသိုက်အဝန်းတစ်ခုလုံးက သိရှိနားလည် ဖြည့်ဆည်းပေးနိုင်ရန်၊ အနာဂတ်တွင် အရေအတွက်တိုးပွားလာမည့် သက်ကြီးရွယ်အိုများ၏ အရေးကို သတိမူအလေးအနက်ထား ဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် နှစ်စဉ်အစဉ်အလာမပျက် ကျင်းပသွားနိုင်ရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့အခမ်းအနားတွင် အခမ်းအနားတက်ရောက်လာသော အဘိုးအဘွားများအပါအဝင် ပဲခူးမြို့ပေါ်(၃၁)ရပ်ကွက်နှင့် သပြေကုန်း ဘိုးဘွားရိပ်သာရှိ အသက်(၈၅)နှစ်အထက် အဘိုး(၂၇၁)ဦး၊ အဘွား(၆၇၀)ဦး စုစုပေါင်း (၉၄၁)ဦးတို့အား ကန့်တော့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။