International Industry zone in Bago


Bago Region Government/ Bago Region / September 25, 2018


ပဲခူးမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ စက်မှုဇုန်တစ်ခု ရင်းနှီးမြှုပ်နှံရန် လာရောက်ကမ်းလှမ်း

စက်တင်ဘာ ၂၅ (ပဲခူး)

စက်တင်ဘာလာ (၂၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမသို့ ပဲခူးမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ စက်မှုဇုန်တစ်ခု ရင်းနှီးမြှုပ်နှံရန် Zillionier Trading Co., Ltd ၏ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်သည့် တရုတ်နိုင်ငံအခြေစိုက်၊ မြန်မာကျဲ့ကျန်း ကုန်သည်ကြီးများ အသင်း၊ ဥက္ကဋ္ဌ Mr. Tu. Guoding ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ သည်။
ရှေးဦးစွာ Mr. Tu. Guoding က ပဲခူးဒေသအား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ တရုတ်နိုင်ငံမှ စက်မှုလုပ်ငန်းရှင်များပူးပေါင်းပြီး နိုင်ငံတကာအဆင့်မီ စက်မှုဇုန်တစ်ခု ရင်းနှီးမြှုပ်နှံနိုင်ရန် လာရောက်ကမ်းလှမ်းရခြင်းဖြစ်ပါကြောင်း၊ မိမိတို့လုပ်ငန်းများ ဆောင်ရွက်ခွင့်ရရှိခဲ့ပါက ဒေသခံပြည်သူ (၁)သိန်းမှ (၆)သိန်းအထိ အလုပ်အကိုင်အခွင့်အလန်းများ ဖန်တီပေးနိုင်မည်ဖြစ် ကြောင်း၊ အဓိကအားဖြင့် စားသောက်ကုန်လုပ်ငန်း၊ ဆေးဝါးထုတ်ကုန်၊ လူသုံးကုန်၊ လယ်ယာသုံး စက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများထုတ်ကုန်၊ အထည်ချုပ် စသည့် စက်ရုံများတည်ထောင် သွားမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွက် စီးပွားရေး၊ လူမှုရေးများ ထောက်အကူပြုနိုင် မည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ပြီး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများအား ကြိုဆိုလျက်ရှိကြောင်း၊ ပဲခူးဒေသသည် ကုန်းလမ်းကြောင်းအရ လမ်းဆုံမြို့ဖြစ်၍ ပြည်တွင်း ကုန်စည်ဖြန့်ဖြူးမှုကို လွယ်ကူစေနိုင်ကြောင်း၊ အဓိကအားဖြင့် မိတ်ဆွေတို့၏ စက်မှုဇုန်ဖော်ထုတ်မည့်လုပ်ငန်းအား မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်ရန်သာလိုအပ်ပြီး၊ မိမိတို့အစိုးရမှ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ Zillioner Trading Co., Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်စွာဝင်း၊ မြန်မာကျဲ့ကျန်းကုန်သည်ကြီးများအသင်းမှ ဥက္ကဋ္ဌ Mr. Tu. Guoding နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။