(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် တက်ရောက်


Amyotha Hluttaw/ နေပြည်တော် / January 05, 2021


၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲအခမ်းအနားကို (၄.၁.၂၀၂၁)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်မြို့တော် ခန်းမရှေ့ ရင်ပြင်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့သည်။

အခမ်းအနားကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး “စုပေါင်းအင်အား” ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ လူမှုဆက်ဆံရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေး တရားမျှတမှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေရေးရာညီမျှမှုတို့ကို နိုင်ငံသားအားလုံး တန်းတူရည်တူရရှိခံစားရေး၊ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်စေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေး၊ ပြည်ထောင်စုကြီးထာဝရတည်တံ့ရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်မွေးမြူ၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်၍ ပြည်သူတစ်ရပ်လုံးကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အစိုးရ၊ ပြည်သူလူထုအားလုံးပါဝင်ပြီး စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားရေး ဟူသည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များနှင့်အညီ အနှစ်သာရ ပြည့်ဝစွာ ကျင်းပခဲ့ခြင်းဖြစ်သည်။

ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ကျင်းပရာ အလံတင်တပ်စုက တိုင်းရင်းသား၊ တိုင်းရင်းသူများ ခြံရံ၍ နိုင်ငံတော်အလံကို လွှင့်တင်ခဲ့သည်။

ထို့နောက် နံနက် ၆ နာရီတွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဒုတိယ ရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများသည် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနား ကျင်းပမည့် မြို့တော်ခန်းမရှေ့ ရင်ပြင်သို့ ဝင်ရောက်နေရာယူကြသည်။

ယင်းနောက် နံနက် ၇ နာရီတွင် ၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံအလေးပြုပွဲအခမ်းအနားကို ကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမရှေ့ ရင်ပြင်သို့ ချီတက်နေရာယူကြသည်။

ထို့နောက် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အလေးပြုခံစင်မြင့် သို့ ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက် လာကြသူများသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။

ဆက်လက်၍ ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြု၍ သစ္စာလေးချက်ကိုသံပြိုင်ရွတ်ဆိုကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံမှ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ ကို ဖတ်ကြားသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။