“ မြန်မာနိုင်ငံ၏ တတိယအကျော့ လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ သုံးသပ်မှုခံယူရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ကျင်းပ ”


Union Attorney General’s Office/ နေပြည်တော်၊ ဒီဇင်ဘာ ၃၀ / January 05, 2021


           ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ UPR လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ တတိယအကျော့ လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ၏ သုံးသပ်မှုခံယူရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁၃:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တက်ရောက်မည့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပါသည်။ 
           မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြား ရာတွင် မြန်မာနိုင်ငံ၏ UPR တတိယအကျော့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို ၇-၁၀-၂၀၂၀ ရက်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UPR လုပ်ငန်းအဖွဲ့ရုံးသို့ ပေးပို့တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းအဖွဲ့၏ ၃၇ ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ၂၅-၁-၂၀၂၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ အစီရင်ခံစာအပေါ် သုံးသပ်မှုခံယူခြင်းကို ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် Covid-19 အခြေအနေကြောင့် ဂျီနီဗာရှိ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးက ကိုယ်တိုင်တက်ရောက်၍ မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်အဖွဲ့ဝင်များက Video Conferencing ဖြင့် တက်ရောက်မည်ဖြစ်ပါကြောင်း၊ သုံးသပ်မှုခံယူစဉ်အတွင်း  မြန်မာ ကိုယ်စားလှယ်အဖွဲ့က ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ရမည်ဖြစ်ရာ လိုအပ်သော ကြိုတင် ပြင်ဆင်မှုများကို စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြန်လည်ဖြေကြားမည့်ဌာနနှင့် အကြောင်းအရာများကို ယခုအစည်းအဝေးတွင် ဆွေးနွေးသတ်မှတ်မည်ဖြစ်ပြီး အချက်အလက် ပြည့်စုံစွာဖြင့် သတ်မှတ်ချိန်အတွင်း ထိရောက်စွာ တင်ပြနိုင်ရန် ဝိုင်းဝန်းဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသူများက လုပ်ငန်းအစီအစဉ်များ၊ ဖြေကြားမည့် အချက် အလက်များနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။      
                                              

(သတင်းစဉ်)