အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမတွင် CMP လုပ်ငန်းများစစ်ဆေးရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး


Ministry of Immigration & Population/ နေပြည်တော် / June 03, 2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် CMP လုပ်ငန်းများစစ်ဆေးရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်ပုံ


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် CMP လုပ်ငန်းများစစ်ဆေးရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

နေပြည်တော်                                                                                                                                                                    ဇွန်လ ၃ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ   အစည်းအဝေး ခန်းမတွင်        CMP လုပ်ငန်းများစစ်ဆေးရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်တွင် ကျင်းပခဲ့ရာ CMP လုပ်ငန်းများစစ်ဆေးရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့်အတူ CMP လုပ်ငန်းများစစ်ဆေးရေးဆပ်ကော်မတီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း နိုင်ငံခြားကုမ္ပဏီများ၊ တိုင်းရင်းသားကုမ္ပဏီများနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များဆောင်ရွက်နေသည့် Cutting, Making, Packaging (CMP) လက်ခစားလုပ်ငန်းများကို သတ်မှတ်ထား‌သည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွတ်စေရေးအတွက် စစ်ဆေးဆောင်ရွက်နိုင်ရေး CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ၂၁-၂-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆/၂၀၂၁ ဖြင့် ပြန်လည်ဖွဲ့စည်းပေးခဲ့ကြောင်း၊ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၁၇-၃-၂၀၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး၌ အထောက်အကူပြု ဆပ်ကော်မတီများ ဖွဲ့စည်း နိုင်ရေးနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း CMP လုပ်ငန်းများ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ ညှိနှိုင်းဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားပါသည်။

ယင်းဆုံးဖြတ်ချက်အရ CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ အထောက်အကူပြု ဆပ်ကော်မတီ (၃) ရပ်ကို ၂၃-၄-၂၀၂၁ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခဲ့ကြောင်း၊ CMP လုပ်ငန်းများ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များကို ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများမှ အဆိုပြု ပေးပို့လာပါက CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ အမိန့်ထုတ်ပြန်၍ ဖွဲ့စည်းတာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ CMP လုပ်ငန်းအမျိုးအစား များစွာရှိ၍ တိုင်းဒေသကြီး၊ ပြည်နယများတွင် CMP စက်ရုံ၊ အလုပ်ရုံများ၊ တစ်ဆင့်ခံစက်ရုံများအပါအဝင် ၅၀၀ ကျော် ရှိကြောင်း၊ CMP လုပ်ငန်းများစစ်ဆေးရေးဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ လုပ်ငန်းတာဝန် (၁၃) ရပ်ရှိကြောင်း၊ ကော်မတီဝင်များသည် မိမိတို့တာဝန်ယူ ရသည့် ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက် စေလိုကြောင်း မှာကြားပါသည်။

အထူးသဖြင့် အထည်ချုပ်လုပ်ငန်းနှင့်ပတ်သက်၍ ကုန်ကြမ်းပြတ်လပ်ခြင်း၊ အမှာစာ မရရှိခြင်း၊ အရှုံးပေါ်ခြင်းနှင့် အခြားအကြောင်းအရင်းများကြောင့် အပြီးပိတ်၊ ယာယီပိတ်၊ အင်အားလျှော့ချရသည့် စက်ရုံများရှိသကဲ့သို့ အသစ်ပြန်လည်ဖွင့်လှစ်သည့် စက်ရုံများလည်း ရှိကြောင်း၊ CMP လုပ်ငန်းသည် လုပ်သားအခြေပြု လုပ်ငန်းဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်း များစွာရှိကြောင်း၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း၏ တင်ပြချက်အရ အထည်ချုပ်စက်ရုံ ၃၆၀ ကျော် သွင်းကုန်လိုင်စင် ထောက်ခံချက် လျှောက်ထားကြပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် တိုက်ရိုက်လျှောက်ထားမှုအပါအဝင် စက်ရုံ (၄၀၀) ခန့် ရှိကြောင်း၊ Eurocham ဥရောပကုန်သည်ကြီးများအသင်းနှင့် ဂျာမန်သံရုံးတို့၏ ထုတ်ပြန်ချက် များအရ ဥရောပအမှာစာများကို မြန်မာပြည်မှ ပြန်လည်မှာယူမည်ဟု သိရှိရ၍ Best Seller, Primark, H & M Brand ကုန်အမှတ်တံဆိပ်များ ပြန်လည်ဝင်ရောက်လာမည်ဟု ကြားသိရပြီး လက်ရှိအခက်အခဲများအနေဖြင့် Cosco နှင့် Merrs သ‌ေင်္ဘာလိုင်းများမှ သ‌ေင်္ဘာအဝင် နည်းခြင်း၊ စူးအက်တူးမြောင်းတွင် Ever Green Container သ‌ေင်္ဘာသောင်တင်မှုကြောင့် (၇) ရက်ခန့်ပိတ်မိသွားခြင်း၊ စင်္ကာပူလမ်းကြောင်းတွင် ပိတ်မိနေခြင်းကြောင့် Supply Chain အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ ဘဏ်လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်ပြီး ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်မှုကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ OSS အဖွဲ့ဖြင့် ဆောင်ရွက် ပေးနေကြောင်း ပြောကြားပါသည်။

CMP စနစ်မှ FOB စနစ်ကူးပြောင်းနိုင်သည်နှင့်အမျှ အထည်အလိပ်ကဏ္ဍတွင် ပိုမို တိုးတက်မြင့်မားလာပြီး ကိုယ်တိုင်ဒီဇိုင်းပြုလုပ်၍ CMP တန်ဖိုးကို ထိန်းသိမ်းကာ ထုတ်လုပ်မှု စွမ်းရည်မြင့်မားစွာဖြင့် ကောင်းမွန်သည့် စီးပွားရေးလုပ်ငန်းဝန်းကျင်ကို ဖန်တီးရန် လိုအပ်မည် ဖြစ်ရာ CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီဝင်များသည် CMP လုပ်ငန်းများ လိပ်စာမှန်မှု ရှိ-မရှိ၊ CMP စနစ်ကို စနစ်တကျ အကောင်အထည်ဖော်ခြင်း ရှိ-မရှိ၊ အမှာစာ ရရှိမှု၊ ကုန်ကြမ်းတင်သွင်းမှု၊ အသုံးပြုသည့် စက်ပစ္စည်းကိရိယာများ၊ လုပ်သားအင်အား ထုတ်လုပ်မှုနှင့် ပြန်လည်တင်ပို့မှုတို့ ကျိုးကြောင်းဆီလျော်မှန်ကန်မှု ရှိ-မရှိ၊ ထုတ်လုပ်သည့် ကုန်ချောများ Reject အဖြစ် သတ်မှတ်မှုမှန်ကန်ခြင်း ရှိ-မရှိ၊ စာရင်းဇယားများ စနစ်တကျ ထားရှိခြင်း ရှိ-မရှိ၊ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများကို CMP လုပ်ငန်းများကြီးကြပ်ရေး ကော်မတီ၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ တင်ပြခြင်းစသည် တို့ကို အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ မြေပြင်တွင် လက်တွေ့ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများဖော်ထုတ်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်လိုကြောင်း မှာကြားခဲ့ပါသည်။

ဆက်လက်၍ CMP လုပ်ငန်းများစစ်ဆေးရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။