အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများပေးအပ်လှူဒါန်း


Amyotha Hluttaw/ နေပြည်တော် / October 14, 2020


အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ (၇.၁၀.၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် အလှူငွေများ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး လက်ခံရယူသည်။

ရှေးဦးစွာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက မိမိတို့နိုင်ငံတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများ တက်ညီ လက်ညီဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ လှူဒါန်း ရခြင်းမှာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ခြင်းဖြစ်ပြီး နိုင်ငံတော်နှင့်ပြည်သူများအတွက် ဘေးအန္တရာယ်ကို မကြောက်မရွံ့ဖြင့် ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသည့်သဘောဖြင့် လှူဒါန်းခြင်းလည်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားပြောကြားရာ ယခုကဲ့သို့ လှူဒါန်းမှုအတွက် ကျန်းမာရေး ဝန်ထမ်းများအားလုံး၏ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုများဖြင့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉သည် အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သောရောဂါဖြစ်ပြီး လျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်သည် ဖြစ်သဖြင့် ယခု ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်း နောက်တွင်လည်း ရောဂါကူးစက်မှုလှိုင်းများ ရှိလာနိုင်ပါကြောင်း၊ အဆိုပါရောဂါကူးစက်မှုလှိုင်းများကြီးမားခြင်း မရှိစေရန်အတွက် ပြည်သူများ အနေဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို အမြဲတစေဂရုပြု လိုက်နာကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရရှိသော ဘဏ္ဍာငွေနှင့် ရန်ပုံငွေများကို အကျိုးရှိ ထိရောက်စွာ အသုံးချလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သော်လည်း အခြား သက်ဆိုင်ရာကဏ္ဍ လုပ်ငန်းများနှင့် ဆက်စပ်နှီးနွှယ်နေသောကြောင့် သက်ဆိုင်ရာကဏ္ဍပေါင်းစုံ ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

လှူဒါန်းမှု အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စား အမျိုးသားလွှတ်တော်၊ ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ငွေကျပ်သိန်း(၅၀)ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။