အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


Ministry of International Cooperation/ Nay Pyi Taw / July 06, 2020


(၆-၇-၂၀၂၀ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်အား ၆-၇-၂၀၂၀ ရက်၊ ၁၅၃၀ နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) တွင် တရုတ်နိုင်ငံအနေဖြင့် ကူညီပံ့ပိုးပေးသွားမည့်ကိစ္စ၊ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအတွက် G-20၏ ကြွေးမြီများ ပြန်ဆပ်ရမည့်ကာလ ပြန်လည်ပြင်ဆင် သတ်မှတ်ပေးရေး အစီအစဉ်အောက်မှ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ကူညီသွားနိုင်မည့် အနေအထား၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်များ ဆောင်ရွက် နေစဉ်အတွင်း နှစ်နိုင်ငံနယ်စပ်ဒေသတွင် ကုန်သွယ်မှုများ စဉ်ဆက်မပြတ်စီးဆင်းရေး၊ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံအောက်မှ စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ယင်းစီမံကိန်းများ အရှိန်အဟုန်မပျက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရေးကိစ္စ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးအတွက် ဆက်လက် အကောင်အထည်ဖော်သွားမည့် ကိစ္စရပ် များ၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်မြောက်သည့် ၂၀၂၀ ပြည့်နှစ်တွင် အထိမ်းအမှတ် အခမ်းအနားများကို ကိုဗစ်-၁၉ အခြေအနေ တည်ငြိမ်လာသည့်အခါ ကျင်းပသွားနိုင်ရေးကိစ္စ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စတို့နှင့်ပတ်သက်၍ နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရသည်။