သရက်ချောင်းမြို့၊ မြို့နယ်ခန်းမ၌ ဒေသခံပြည်သူများတွေ့ဆုံပွဲနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနားကျင်းပ


Tanintharyi Region Government/ တနင်္သာရီတိုင်းဒေသကြီး၊သရက်ချောင်းမြို့နယ် / February 20, 2020


သရက်ချောင်း ဖေဖော်ဝါရီ ၁၉

ယနေ့ ၁၄၀၀ နာရီ အချိန်တွင် သရက်ချောင်းမြို့၊ မြို့နယ်ခန်းမ၌ တွေ့ဆုံပွဲနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာ စကားပြောကြားရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေး စသည့်မူဝါဒကြီး(၃)ရပ်ကို အခြေခံ၍ တိုင်းဒေသကြီး အတွင်း ဦးစားပေးလုပ်ငန်းများဖြစ်သော ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စသော လုပ်ငန်းများကို စီးပွားရေးအခြေခံ မူဝါဒ (၁၂) ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် သန့်ရှင်းကောင်းမွန်သော၊ အဂတိကင်းသော၊ ပွင့်လင်းမြင်သာမှုရှိသော တာဝန်ခံ တာဝန်ယူမှုရှိသော အစိုးရတစ်ရပ်အနေဖြင့် ခံယူ၍ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေများကို စီမံခန့်ခွဲမှုဘောင်အတွင်းမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပြီး ဦးစားပေးလုပ်ငန်းအလိုက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ မှ မိမိ ရပ်ကွက်/ကျေးရွာအတွင်း အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ လုပ်ပိုင်ခွင့်များနှင့်အညီ မြေယာများ အခြားနည်းအသုံးပြုခွင့်မရှိဘဲ မြေဖို့ခြင်း၊ အဆောက်အဦဆောက်ခြင်း၊ အိမ်ကွက်ရိုက်ခြင်းများအား အဆင့်ဆင့်တင်ပြ တိုင်ကြားခြင်းနှင့် ဖော်ထုတ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိရပ်ကွက်/ ကျေးရွာအုပ်စု အတွင်း ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို သတ်မှတ်အချိန်ကာလ ပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အခမ်းအနားကို တက်ရောက်လာသော ဒေသခံ ပြည်သူများ မှ ဒေသ၏လိုအပ်ချက်များကို ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း တင်ပြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးတို့က ဒေသခံတောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ - ၇ (၉၉)တွဲအား ပေးအပ်ခဲ့ပါသည်။

ထို့နောက် ဒေသခံတောင်သူများကိုယ်စား သင်းကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော် က ကျေးဇူးတင်စကားပြောကြား၍ ဒေသခံပြည်သူများ က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး စသည့်လိုအပ်ချက် များအား တင်ပြတောင်းခံခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများမှ ပြန်လည်ဖြေကြားပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က နိဂုံးချုပ်အမှာစကားပြောကြားကာ ၁၆၅၀ နာရီအချိန်တွင် တွေ့ဆုံပွဲနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ပွဲအခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။