လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၄/၂၀၂၀) ကျင်းပ


Amyotha Hluttaw/ နေပြည်တော် / December 08, 2020


တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်ရမည့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ လွှတ်တော်အစည်းအဝေး များကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၀)ကို (၇.၁၂.၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရက်ပေါင်း (၉၀)ကာလအတွင်း လွှတ်တော်အစည်း အဝေးများကို ကျင်းပရမည်ဖြစ်၍ လွှတ်တော်အသီးသီး၏ တတိယအကြိမ် ပထမပုံမှန်အစည်း အဝေးများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျင်းပရန် လျာထားပါကြောင်း၊ အဆိုပါလွှတ်တော်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများ ကြိုတင်ညှိနှိုင်းနိုင်ရန် ယခုအစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေး၊ ကျန်းမာရေးနှင့် တည်းခိုနေထိုင်ရေးဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်မှုများ လိုအပ်ပါကြောင်း၊ လွှတ်တော်သက်တမ်း တစ်ရပ်၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးမှာ နိုင်ငံတော်၏ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်များအပါအဝင် နိုင်ငံသား ပြည်သူများအားလုံး အတွက် လွန်စွာအရေးကြီးသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ တတိယအကြိမ်လွှတ်တော် အသီးသီး၏ ပထမပုံမှန် အစည်းအဝေးများကို ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားခြင်း အန္တရာယ် ကာကွယ်မှုအတွက် ယခင်အတွေ့အကြုံများအပေါ်မူတည်၍ ပိုမိုကောင်းမွန်သည့် လုပ်ငန်း အစီအမံများဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးကြစေ လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဗဟိုကော်မတီနာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယခင်လွှတ်တော် ပုံမှန်အစည်းအဝေးများနည်းတူ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု အန္တရာယ် ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း တတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများက ဝိုင်းဝန်း ပူးပေါင်း၍ အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် စီမံဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုလွှတ်တော် နာယက က လုပ်ငန်းကော်မတီများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာ စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထဲရေး၊ ပြန်ကြားရေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ ကျန်းမာရေးနှင့်အားကစား၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးများနှင့် လွှတ်တော်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။