ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့အား နေပြည်တော်၌ လက်ခံတွေ့ဆုံ၊ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက် များကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးဆွေးနွေး


Ministry of Immigration & Population/ Naypyitaw / January 25, 2021
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့အား နေပြည်တော်၌ လက်ခံတွေ့ဆုံပုံ


နေပြည်တော်၊ ဇန်နဝါရီလ၂၅ ။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံ ဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် ဒုတိယဌာနေကိုယ်စားလှယ် Ms. Yukiko lriyama တို့အား ဇန်နဝါရီလ (၂၅)ရက် ၊ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်း အတွင်းဝန် ဦးအေးလွင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြားတိုင်းဒေသကြီး/ပြည်နယ်များထက် ဘဏ္ဍာငွေပိုမိုခွဲဝေချထားကာ အခြေခံ အဆောက်အအုံများဖြစ်သည့် လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်ရေး၊ ပညာရေးနှင့် ကျန်းမာရေး ကောင်းမွန်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းအောင်မြင်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်နေမှုအခြေအနေ၊ တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းကိုလည်း နှစ်နိုင်ငံအစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေ၊ ပြန်လည်ဝင် ရောက်လာသူများအတွက် ပြန်လည်နေရာချထားရေး၊ ရေရှည်ဘဝရပ်တည်နေထိုင်နိုင်ရေးတို့ အတွက် မိမိတို့ဌာနနှင့် UNDP/UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးဆောင်ရွက်နေမှုအခြေအနေနှင့် ယခု UNHCR ဌာနေကိုယ်စားလှယ်အနေဖြင့် ရခိုင်ပြည် နယ်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောဒေသို့ သွားရောက်ခဲ့ရာမှ တွေ့မြင်သိရှိချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြနိုင်ရေးအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် UNHCR ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun က မိမိတို့အနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ဘားအံဒေသနှင့် ရခိုင်ပြည်နယ်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောဒေသ များသို့ သွားရောက်ခဲ့မှု ၊ မတူညီသည့်ဒေသနှစ်ခုသို့ သွားရောက်ခဲ့ရသည့်အတွက် ခံစားရရှိသည့် အတွေ့အကြုံ ၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောတို့၌ ဒေသအာဏာပိုင်များ၊ ရပ်မိရပ်ဖများ၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံခဲ့မှုနှင့် ဘူးသီးတောင်၊ မောင်တောဒေသရှိ ကျေးရွာ (၁၁) ရွာသို့ သွားရောက်ခွင့်ရရှိသဖြင့် လက်တွေ့နယ်ပယ်၌ မျက်မြင်တွေ့ရှိခဲ့ရမှုအခြေအနေ၊ ဒေသခံပြည်သူ များ၏ စကားသံများနှင့်လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေးအခြေအနေ၊ UNDP နှင့် UNHCR တို့ ဖော်ဆောင်နေသည့် အကျိုးသက်ရောက်မှု ထိရောက်မြန်ဆန်သည့်စီမံကိန်း (Quick Impact Projects - QIPs) လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ခွင့်ပြုချက်တင်ပြ၍ ဆက်လက်တိုးချဲ့ ဆောင်ရွက်မည့်အစီအစဉ်များ၊ ပြန်လည်ဝင်ရောက်လာသူများအား ၎င်းတို့၏ နဂိုမူလနေရာများ၌ ပြန်လည်နေရာချထားပေးနိုင်ရေးနှင့် MoU ပါအချက်အလက်များအတိုင်း အောင်မြင်အောင် ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် စီမံကိန်းများချမှတ်ကာ အဆင့်ဆင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ လုံခြုံမှုရှိရေးပင်ဖြစ်ပါကြောင်း၊ ဒေသ လုံခြုံတည်ငြိမ်ပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ပြီး နေရပ်စွန့်ခွာသွားသူများအနေဖြင့် ၎င်းတို့၏ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာဖြင့် ဂုဏ်သိက္ခာ ရှိစွာပြန်လာနိုင်ရေးနှင့် နဂိုမူလနေရာများတွင် အတတ်နိုင်ဆုံးနေရာချထားပေးနိုင်ရေး၊ လုံခြုံရေး ၊ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရန် မျှော်မှန်း၍ အတတ်နိုင်ဆုံး မူလနေရာ နှင့်အနီးဆုံးနေရာများ၌ ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် ရေးထိုးထားသည့် MoU နှင့် အညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟန်ချက်ညီညီ စီမံဆောင်ရွက်နေသကဲ့သို့ ရခိုင်ဒေသ တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော် အစိုးရ၏ဆောင်ရွက်ချက်များကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများနှင့် ပူးပေါင်းအကောင်အထည်ဖော်နိုင်မည်ဆိုပါက ဒေသခံပြည်သူများအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ရာ လုပ်ငန်းများအောင်မြင်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။