ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားနှင့် အထည် ချုပ် ကဏ္ဍအတွက် ကိုဗစ်-၁၉ အထောက်အပံ့အဖြစ် ဥရောပသမဂ္ဂ မြန်ကူ ထောက်ပံ့ကြေးငွေ အစီအစဉ်အပေါ် နှစ်ကုန်ပြန်လည်သုံးသပ်မှုနှင့်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ညှိနှိုင်း ရေးဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်


Ministry of Immigration & Population/ Naypyitaw / January 19, 2021


နေပြည်တော် ၊ ဇန်နဝါရီလ ၁၈ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ် သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အရာထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးနည်းပြ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)နာရီတွင်  အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်အသုံးပြု၍ ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက် ၍ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆို်ငရာမှတာဝန်ရှိသူများ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသူ/သင်တန်း သား အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အလုပ်ရုံနှင့်အလုပ် သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက အရာထမ်းများအား ဦးစီးဌာနက စည်းကြပ်နေတဲ့ ၁၉၅၁ခုနှစ် အလုပ်ရုံများအက်ဥပဒေ၊ ၁၉၅၁ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေနှင့် နည်းဥပဒေ၊ ၂၀၁၆ခုနှစ်ဆိုင်များနှင့် အလုပ်ဌာနများဥပဒေနှင့် နည်းဥပဒေ၊ ၂၀၁၆ခုနှစ် အခကြေးငွေပေးချေရေး ဥပဒေများ၏ ဥပဒေပါပြဋ္ဌာန်းချက်များကို ပိုမိုသိရှိနားလည်စေရေး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်း ရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာဥပဒေနှင့် နည်းဥပဒေရေးဆွဲထားမှု၊ Covid-19 ကာကွယ်ထိန်းချုပ် ရေးကာလအတွင်း စက်ရုံ၊ အလုပ်ရုံများ၊ ဆိုင်/အလုပ်ဌာနများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ရာတွင်လက်တွေ့ တွေ့ကြုံခဲ့ရသည့်အခြေအနေများ၊ စစ်ဆေးရေးအရာရှိကျင့်ဝတ်များ၊ ရုံးလုပ်ငန်း များကို စနစ်တကျ ဆောင်ရွက်တတ်စေရန်၊ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်/အလုပ်ဌာနများရှိ အလုပ်ရှင်၊ အလုပ်သမားများကို ထပ်ဆင့်အသိညာပေးဆွေးနွေးပွဲများ ပြုလုပ်နိုင်စေရန်တို့အတွက် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း။

အလုပ်သမားဥပဒေ၊ နည်းဥပဒေများနှင့်အညီ  စည်းကြပ်ဆောင်ရွက်ရေး၊ အလုပ်သမား ဥပဒေပါအကျိုးခံစားခွင့်များရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှုလျော့နည်းကျဆင်းရေးတို့အတွက် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများအရ စည်းကြပ် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း။ လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအားတိုးတက်မြင့် မားစေရေးအတွက် အလုပ်ရှင်နှင့်အလုပ်သမားများအပေါ် ဥပဒေအရလည်းကောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည့် နည်းပညာများအရလည်းကောင်း ကုန်ထုတ်လုပ်မှုနှင့် လုပ်ငန်းခွင်ဆက်ဆံရေး ကိုပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရေးအလေးထား ဆောင်ရွက်ကြရမှာဖြစ်ကြောင်း။

ထို့အပြင် အလုပ်သမားများ၏ ရသင့်ရထိုက်သည့်အခွင့်အရေးများကိုဥပဒေနှင့်အညီအပြည့် အဝခံစားနိုင်စေရန်အတွက် အလုပ်သမားများကို အသိပညာမြှင့်တင်ဆောင်ရွက်ခြင်းသည် အရေး ပါသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး ထိရောက်သည့် အသိပညာပေး ဆွေးနွေးမှုများ ဖြစ်စေရေး အတွက် အရာထမ်းများအား ယခုကဲ့သို့ ကနဦးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်သည့် TOT (Training of Trainers) သင်တန်းများပြုလုပ်ရခြင်းဖြစ်ကြောင်း။ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင် သည့်သင်တန်းများ ပြုလုပ်ပေးခြင်းဖြင့် စစ်ဆေးရေးအရာရှိများအနေဖြင့် လက်တွေ့မြေပြင်တွင် ကြုံတွေ့ရသည့် အလုပ်ရှင်၊အလုပ်သမားပြဿနာများကို ထိရောက်စွာဖြေရှင်းနိုင်ခြင်း၊ အသိပညာ ပေးဆွေးနွေးမှုများ ပြုလုပ်နိုင်သည့်အတွက် လုပ်ငန်းခွင်ဆိုင်ရာကိစ္စရပ်များ ဖြေရှင်းပေးရမှု လျော့ နည်းလာခြင်း၊ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုများ ကျဆင်းလာခြင်းစသည့် ကောင်းမွန်သည့် လုပ်ငန်းခွင်အခြေအနေများပေါ်ပေါက်လာမှာဖြစ်ပါကြောင်း။

Covid-19အလွန် New Normal အခြေအနေအရ အလုပ်ရှင်နှင့်အလုပ်သမား များအတွက် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲများကိုလည်း Online မှတစ်ဆင့် ကျင်းပပြုလုပ် သွားမည်ဖြစ်၍ သက်ဆိုင်ရာနယ်မြေ အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် စစ်ဆေးရေး အရာရှိများအနေဖြင့်အလေးထားဆောင်ရွက်ဖို့လိုအပ်ပါကြောင်း။ စစ်ဆေးရေးအရာရှိများအနေဖြင့် စစ်ဆေးရေးဆောင်ရွက်ခြင်း၊ အလုပ်သမားရေးရာကိစ္စများ ဖြေရှင်းဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင် မတော်တဆထိခိုက်မှုများ စုံစမ်းစစ်ဆေးခြင်း၊ အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲနှင့် သင်တန်းများ ပြုလုပ်ဆောင်ရွက်ခြင်းများ၌ အောင်မြင်မှုရရှိစေရန် ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင် ရွက်တတ်မှု တာဝန်ယူမှု၊ တာဝန်သိမှုတို့အပြင် အရည်အချင်းပြည့်ဝစွာဖြင့် စေတနာထားဆောင် ရွက်ပေးစေလိုကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါသင်တန်းကို Online မှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ရက်သတ္တပတ် ၂ ပတ်ကြာသင်ကြား ပို့ချသွားမည်ဖြစ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မွန်းလွဲ ၂:၀၀ နာရီအချိန်၌ ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် video conference ဖြင့် ကျင်းပပြုလုပ်သည့် အထည်ချုပ်ကဏ္ဍအတွက် ကိုဗစ်-၁၉ အထောက်အပံ့အဖြစ် ဥရောပသမဂ္ဂမြန်ကူ ထောက်ပံ့ကြေး ငွေအစီအစဉ်အပေါ် နှစ်ကုန်ပြန်လည်သုံးသပ်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ညှိနှိုင်းရေးဆွေးနွေးပွဲ အခမ်းအနား ကိုပါဝင် တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ EU သံအမတ်ကြီး H.E. Mr. Ranieri Sabatucci ၊ UNOPS မှ ညွှန်ကြားရေးမှူး Mr. Andrew Kirkwood ၊ CESD မှ ဒေါက်တာဇော်ဦး နှင့် အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌ EU အနေဖြင့် မြန်မာ နိုင်ငံ၏ Covid-19 ကပ်ရောဂါကူးစက်ပြန့်ပွားနေသည့်ကာလတွင်ယူရို ၅ သန်း မတည်၍ ရောဂါ ရိုက်ခတ်မှု အဆိုးဆုံးခံရသည့် CMP ကဏ္ဍမှ အလုပ်လက်မဲ့ဖြစ်သူများကို ငွေကြေးတိုက်ရိုက်ပံ့ပိုး ကူညီပေးမှုနှင့် ယခုအချိန်အထိ Myan Ku Fund မှ အထည်ချုပ်၊ အထည်အလိပ်နှင့် ဖိနပ် လုပ်ငန်း ကဏ္ဍရှိ အလုပ်သမားစုစုပေါင်း ၆၀,၀၀၀ ကျော်အား ‌ထောက်ပံ့ငွေမြန်မာကျပ် ၄ ဘီလီ ယံကျော် ထောက်ပံ့ပေးခဲ့သည်ကိုသိရှိရပြီး အဆိုပါအစီအစဉ်ကို အောင်မြင်အောင်ပါဝင်ဆောင် ရွက်ပေးခဲ့ကြ သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့်လည်းပန်းတိုင် (၇)ခုပါဝင်သော COVID – 19 စီးပွားရေး ကုစားမှု အစီအစဉ် (Overcoming as One: COVID – 19 Economic Relief Plan-CERP) ကိုရေးဆွဲ ချမှတ်၍ ဝန်ကြီးဌာနများပူးပေါင်းအကောင်အထည်ဖော်လျက်ရှိပြီး၊ စီးပွားရေးပြန်လည်နလံထူ ရန်အတွက် ရေရှည်ဆောင်ရွက်ရမည့် Myanmar Economic Recovery and Reform Plan (MERRP)ကို ရေးဆွဲအကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကပ်ရောဂါကာလတွင် ရောဂါကာကွယ်တားဆီးရေး၊ ကုသရေးနှင့်အတူ အရေးပါသည့်လုပ်ငန်းတစ်ခုမှာ လူမှုကာကွယ် ပေးရေးဖြစ်ပြီး ဝန်ကြီးဌာနမှအလုပ်သမားများအတွက် လူမှုကာကွယ်ပေးရေးကိုအထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ဝန်ကြီးဌာနမှ အသိပညာပေးခြင်းလုပ်ငန်းများအနေဖြင့် လက်ကမ်းစာစောင်နှင့် ပိုစတာ များဖြန့်ဝေခြင်း၊ အာမခံအလုပ်သမားများကိုယ်အပူချိန်မြင့်တက်ခြင်း ရှိ/မရှိ စက်ရုံ၊အလုပ်ရုံများ အလိုက်စစ်ဆေးဆောင်ရွက်ရေးအသိပညာပေးခြင်းများကိုဆောင်ရွက်ပေးခြင်း၊ စက်ရုံ၊ အလုပ်ရုံ များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Covid-19 ရောဂါကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ ပြင်ဆင်ပြီး အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေးခြင်းလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်နေပေးနေသကဲ့သို့ တစ်ဖက်တွင်လည်း CERP မှာရန်ပုံငွေကျပ် ဘီလီယံ ၅၀ ထည့်ဝင်ခြင်း၊ ဥပဒေနှင့်အညီလူမှုဖူလုံရေးစနစ်အောက်မှတစ်ဆင့် အာမခံအလုပ်သမားများအား ​ဆေးဝါးကုသ​ပေးခြင်းနှင့် မကျန်းမာမှု​​ဆေးသက်သေခံ လက်မှတ်ထုတ်ပေးခြင်းတို့နှင့် စပ်လျဉ်း၍ Quarantine ဝင်ရသည့် အာမခံအလုပ်သမားများအား မကျန်းမာမှုအကျိုးခံစားခွင့် ၆၀% ထုတ်ပေး ခြင်းနှင့် ကိုယ်ဝန်​ဆောင်အာမခံအလုပ်သမားများအတွက် မကျန်းမာမှုအကျိုးခံစားခွင့် ၆၀% ထုတ် ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ပြီး COVID-19 First Wave နှင့် Second Wave များတွင် ယာယီ ပိတ်သိမ်းရသည့် အလုပ်ဌာနများရှိ လုပ်သမားများအတွက် လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀% တို့ကို ၂၀-၄-၂၀၂၀ ရက်နေ့မှစ၍ ၁၂-၁-၂၀၂၁ ရက်နေ့အထိ အာမခံအလုပ်သမားစုစုပေါင်း ၁.၅ သန်း ကျော်ကို မြန်မာငွေကျပ် သန်းပေါင်း ၆၅၀၀၀ ကျော်ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်လျော့ချနိုင်ရန်နှင့် တပြိုင်တည်း တွင် နိုင်ငံ၏စီးပွားရေးလုပ်ငန်းများပြန်လည်ရှင်သန်လာစေရေးအတွက် ကြိုးပမ်းလုပ်ဆောင်လျက် ရှိရာ EU အနေဖြင့် ယခုအခါထပ်မံပြီး ယူရို(၅)သန်းကို အလုပ်အကိုင် မရှိသည့် အလုပ်သမားများ အတွက်ရေရှည်အကျိုးရှိမည့် အစီအစဉ်များတွင် ကူညီပံ့ပိုးမည်ဖြစ်ကြောင်းသိရသဖြင့် ကျေးဇူးတင်ရှိ ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် EU သံအမတ်ကြီး H.E. Mr. Ranieri Sabatucci မှ အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး  UNOPS မှ ညွှန်ကြားရေးမှူး Mr. Andrew Kirkwood မှ မြန်ကူ အစီအစဉ်နှင့်ပတ်သက်၍ လည်းကောင်း၊ မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်ဦးမှ ကိုဗစ်-၁၉ ကြောင့်မြန်မာအထည်ချုပ်လုပ်ငန်းကဏ္ဍတွင် ထိခိုက်နစ်နာမှုရရှိသော အလုပ် သမားများအကြောင်း သုတေသန လေ့လာမှုမှရရှိသည့် အဓိကတွေ့ရှိချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားကိုယ်စားလှယ်တို့မှ ကိုဗစ်-၁၉ အကြပ် အတည်းနှင့်ပတ်သက်၍ သဘောထားအမြင်များအား အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ အခမ်းအနားကို ညနေ ၁၅:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။