ပြည်ထောင်စုဝန်ကြီး ဦးကိုကို အစိုးရဓမ္မာစရိယစာမေးပွဲသို့ ကြွရောက်တော်မူလာကြသည့် ကြီးကြပ်ရေးဆရာတော်ကြီးများနှင့် စာဖြေသံဃာများအား ဖူးမြော်ကြည်ညို


Ministry of Religious Affairs & Culture/ Naypyitaw / May 03, 2022
image_latest


  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ၃၀-၄-၂၀၂၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ ဗိမာန်တော်ကြီး၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို ဖူးမြော်ကြည်ညိုသည်။

 

 

    ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာတော်ကြီး အမှူးပြုသော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အစိုးရဓမ္မာစရိယစာမေးပွဲ ပျဉ်းမနားစာဖြေဌာန ကြီးကြပ်ရေး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် အလှူငွေကျပ် ၁၀ သိန်းကို ဆက်ကပ် လှူဒါန်းပြီး အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုတော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား ဖူးမြော်ကြည်ညိုသည်။

 

  ယနေ့ကျင်းပသော မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ခရစ်နှစ် ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲ၊ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(၁) ဘာသာကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား စာဖြေဌာနနှင့် တပ်ကုန်းစာဖြေဌာနတို့၌ လူပုဂ္ဂိုလ်တစ်ဦး ဝင်ရောက်ဖြေဆိုကြသည်။

 

 

 

 

     ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဓမ္မာစရိယစာဖြေဌာန ၆၃ ဌာနတို့၌ ဧပြီ ၃၀ ရက်မှ မေ ၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး ၂၀၂၂ ခုနှစ် ပါဠိပထမပြန်စာမေးပွဲများကိုလည်း နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ပါဠိပထမပြန် စာဖြေဌာန ၂၄၁ ဌာနတို့၌ မေ ၇ ရက်မှ မေ ၁၃ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

                                                                                                                                           သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန