ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး "(၈) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ" အစည်းအဝေးသို့ တက်ရောက်


The Supreme Court of the Union/ Naypyitaw / November 05, 2020
1 8 cacj meeting


နေပြည်တော် နိုဝင်ဘာ ၅

​​​​​​​

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် "(၈) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေး (The 8th Meeting of the Council of ASEAN Chief Justices)" သို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နေပြည်တော်မှ ပါဝင် တက်ရောက်သည်။

(၈) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ကောင်စီအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ တရားသူကြီးချုပ် The Hon. Nguyen Hoa Binh နှင့်တကွ ကျန်အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များနှင့်အတူ အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ်သည် အစည်းအဝေးတွင် CACJ လုပ်ငန်းအဖွဲ့များဖြစ်သည့် အာဆီယံ တရားရေးသတင်းအချက်အလက်ပေါ်တယ် (ASEAN Judiciaries Portal -AJP)၊ အာဆီယံဒေသတွင်း တရားမမှုခင်းဆင့်စာ ဆင့်ဆိုမှု လွယ်ကူစေရေး (Facilitating Service of Civil Processes within ASEAN)၊ မှုခင်းစီမံခန့်ခွဲမှုနည်းလမ်းများနှင့် တရားရုံးဆိုင်ရာနည်းပညာအသုံးပြုမှု (Case Management and Court Technology)၊ တရားစီရင်ရေးဆိုင်ရာ လေ့ကျင့်ခြင်းနှင့် သင်ကြားပေးခြင်း (Judicial Education and Training)၊ နိုင်ငံဖြတ်ကျော်ဖြစ်ပွားသည့် မိသားစုမှုခင်းဆိုင်ရာ ကလေးသူငယ် အငြင်းပွားမှုများ ဖြေရှင်းရေး (Cross-Border Disputes Involving Children)၊ အာဆီယံနှင့် အခြားသောမိတ်ဖက်နိုင်ငံများ တွေ့ဆုံ ဆွေးနွေးမှုပြုခြင်း (ASEAN + Meetings) စသည့် လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက တင်သွင်းလာသည့် အစီရင်ခံစာများနှင့် CACJ နှင့် ဆက်စပ်လျက်ရှိသည့် ကိစ္စရပ်များဖြစ်သည့် နိုင်ငံတကာ ကောင်းမွန်သော တရားရုံးမူဘောင် (International Framework for Court Excellence)၊ တရားစီရင်ရေး ကဏ္ဍများအပေါ် Covid-19 ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုများနှင့် ဖြေရှင်းပုံများ (Covid-19 effects on Judiciaries and Solutions) စသည့် ကိစ္စရပ်များအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့ပြီး၊ အခြားသော အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ် များနှင့်အတူ (၈) ကြိမ်မြောက် အာဆီယံတရား သူကြီးချုပ်များကောင်စီ အစည်းအဝေး ကြေညာချက် (Declaration) ထုတ်ပြန်နိုင်ရေး အတည်ပြုခဲ့သည်။

         

အဆိုပါ (၈) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးကို မူလက ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟာလောင်းမြို့နှင့် ဟနွိုင်းမြို့တို့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိခဲ့သော် လည်း ဖြစ်ပွားလျက်ရှိသည့် Covid-19 ကမ္ဘာ့ကပ်ရောဂါ အခြေအနေအရ Online ဖြင့် ကျင်းပခြင်းဖြစ်သည်။ (၈) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်အတူ အာဆီယံတရားသူကြီးချုပ်များကောင်စီ (CACJ) အဖွဲ့ဝင်များဖြစ်သည့် အာဆီယံ နိုင်ငံများမှ တရားသူကြီးချုပ်များ၊ တရားရေးအကြီးအကဲများ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ တက်ရောက် ကြသည်။

         

အစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရား သူကြီးများ၊ CACJ ၏ လုပ်ငန်းအဖွဲ့များအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ပါဝင်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းအဖွဲ့ကိုယ်စားလှယ်များကလည်း လေ့လာသူများအဖြစ် ပါဝင်တက်ရောက်ကြသည်။