ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြည်သူ့ရေးရာ တာဝန်ယူမှု တာဝန်ခံမှုစီမံချက် စာအုပ်များ လွှဲပြောင်းပေးအပ်


Bago Region Government/ ပဲခူးမြို့ / August 12, 2020


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ သြဂုတ်လ(၁၂)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ Citizen Right Action Group(CRAG)မှ ပြည်သူ့ရေးရာ တာဝန်ယူမှု တာဝန်ခံမှုစီမံချက် (Social Accountability Project) စာအုပ်များ လာရောက်လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တစ်ခု ဖြစ်ပေါ်စေရေး အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူများလုံး ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ကျင့်သုံးမှသာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယခင်ခေတ်အဆက်ဆက် အုပ်ချုပ်ရေးကဏ္ဍတွင် အသိပညာရှင်၊ အတတ်ပညာရှင်နှင့် နိုင်ငံရေးသမားများ ပါဝင်ခွင့်မရရှိခဲ့၍ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်များတွင် နိမ့်ကျခဲ့ရပြီး အစိုးရနှင့် ပြည်သူများ ယုံကြည်မှုအားနည်းကာ အလှမ်းကွာဝေးခဲ့ကြောင်း၊ ယခုအခါ ပြည်သူ့အစိုးရများ ပေါ်ပေါက်လာပြီဖြစ်၍ အစိုးရနှင့်ပြည်သူ တစ်သားတည်းဖြစ်ကာ ပြည်သူ့တို့၏ လိုအပ်ချက်များကို ဦးစားပေးကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် (Citizen Right Action Group(CRAG)မှ ပြည်သူ့ရေးရာ တာဝန်ယူမှု တာဝန်ခံမှုစီမံချက် (Social Accountability Project) စာအုပ်ပါနည်းလမ်းများသည် အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူတို့ အပြန်အလှန် ယုံကြည်စွာဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများပါဝင်သည့်အတွက် ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် အုပ်ချုပ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုတွင် အတိုင်းအတာတစ်ခုအထိ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Centre for Good Governance (CGG) မှ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးနေဇင်လတ်က ကောင်းမွန်သောစီမံအုပ်ချုပ်မှု၏ အနှစ်သာရနှင့် အသွင်အသဏ္ဍာန်ကိုလည်းကောင်း၊ (Citizen Right Action Group(CRAG)မှ ဒါရိုက်တာ ဦးဇော်လွင်က ပြည်သူ့ရေးရာ တာဝန်ယူမှု တာဝန်ခံမှုစီမံချက် (Social Accountability Project) စာအုပ်ပါအချက်အလက် အကျဉ်းချုပ်ကိုလည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် နည်းပညာအကြံပေးအဖြစ် တာဝန်ယူနေသော ဦးဟန်ဝေဆက်က ပြည်ထောင်စုအဆင့်တွင် ကဏ္ဍပေါင်းစုံ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှုတို့အား တင်ပြခဲ့ကြရာ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေတို့က အုပ်ချုပ်ရေးကဏ္ဍ၊ ဝန်ထမ်းရေးရာနှင့် လိုက်နာရသည့် စည်းမျဉ်းစည်းကမ်းများအပေါ် အကြံပြုဆွေးနွေးခဲ့ကြသည်။
ယင်းနောက် Centre for Good Governance (CGG) မှ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးနေဇင်လတ်နှင့် (Citizen Right Action Group(CRAG)မှ ဒါရိုက်တာ ဦးဇော်လွင်တို့က ပြည်သူ့ရေးရာ တာဝန်ယူမှု တာဝန်ခံမှုစီမံချက် (Social Accountability Project) စာအုပ်များအား ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ညွှန်ကြားရေးမှူးတို့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ CGG နှင့် CRAG တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

​​​​​​​https://bagoregion.gov.mm/%e1%80%95%e1%80%b2%e1%80%81%e1%80%b0%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%92%e1%80%b1%e1%80%9e%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%a1%e1%80%85%e1%80%ad-57/