ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်


Amyotha Hluttaw/ နေပြည်တော် / January 05, 2021


ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို (၄.၁.၂၀၂၁)ရက်နေ့၊ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်မိန့်ခွန်း ပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် ချီးမြှင့်အပ်နှင်းခဲ့သော ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သည့် သရေစည်သူဘွဲ့ရရှိသူ ကမ္ဘောဇဘဏ်လီမိတက် နာယက ဝဏ္ဏကျော်ထင်၊ စည်သူ ဦးအောင်ကိုဝင်း ကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ချီးမြှင့်အပ်နှင်းခဲ့သော တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ဖြစ်သည့် သီဟသူရဘွဲ့ရရှိသူ အမှတ် (၅၆၄) ခြေမြန်တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး အေးမင်းအောင် ကိုလည်းကောင်း၊ သူရဘွဲ့ရရှိကြသည့် အမှတ်(၅၆၄) ခြေမြန်တပ်ရင်းမှ ဗိုလ်မှူးရန်နိုင်ဦး၊ စစ်တက္ကသိုလ်မှ ဗိုလ်ကြီးဇော်ဦးလွင်နှင့် အမှတ်(၅၆၄) ခြေမြန်တပ်ရင်းမှ ဒုတိယအရာခံဗိုလ်ထွန်းဝေ(ကျဆုံး) ကိုယ်စား ဇနီး ဒေါ်အသန်းကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ချီးမြှင့်အပ်နှင်းခဲ့သော စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ ရရှိကြသော ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ဗိုလ်ချုပ်လင်းအောင်၊ ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ် ကိုလေး၊ ဗိုလ်ချုပ် သက်ထွန်းဦး၊ ဗိုလ်ချုပ် ခင်မောင်သန်း၊ ဗိုလ်ချုပ် အောင်မျိုးမင်း(ငြိမ်း)၊ ဗိုလ်ချုပ် တင်အေး(ငြိမ်း)၊ ဗိုလ်ချုပ် မြင့်ဦး(ငြိမ်း)နှင့် ဗိုလ်ချုပ် တင်အောင်ချစ်(ငြိမ်း)တို့ ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ ကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ချီးမြှင့်အပ်နှင်းခဲ့သော အလင်္ကာကျော်စွာဘွဲ့ရရှိသူ ဆိုင်းပညာရှင် ဦးစိန်စတင်း(ခ)ဦးတင်မောင် (ကွယ်လွန်) ကိုယ်စား သားဖြစ်သူ ဦးမင်းဟန်(ခ)ဦးစိန်မင်းနိုင် ကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ချီးမြှင့်အပ်နှင်းခဲ့သော သိပ္ပကျော်စွာဘွဲ့ရရှိသူ ဘာသာရပ်ဆိုင်ရာပညာရှင် ဒေါက်တာတိုးလှနှင့် ဘာသာရပ်ဆိုင်ရာပညာရှင် ဦးကျော်ဝင်း တို့ကိုလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ် ချီးမြှင့်ခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် တက်ရောက်လာကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများနှင့် ၎င်းတို့၏မိသားစုဝင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။