ကရင်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်(၁၉)ကာကွယ်ဆေးစတင်ထိုးနှံ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / January 29, 2021


ဘားအံ- ဇန်နဝါရီ (၂၈)

ကိုဗစ် (၁၉) ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသည့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်(၁၉)ကာကွယ်ဆေးကို စတင်ထိုးနှံပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံးကြီးတွင် ဇန်နဝါရီလ(၂၇)ရက်နေ့ ၊ နံနက် (၈) နာရီခန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအား ကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်(၁၉)ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု့အားပေးခဲ့ပြီး ဘားအံပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးရုံးနှင့် သုံးထပ်တိုးချဲ့လူနာဆောင်တို့၌ နှစ်ဆိုင်းခွဲ၍ ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေးညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ်(၁၉)ကာကွယ်ဆေးထိုသည့်ပြည်နယ်ပြည်သူ့ဆေးရုံကြီးနှင့် ဘားအံမြို့နယ်စင်တာဟူ၍နှစ်ခုခွဲထားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများအားလုံးကို ဇန်နဝါရီလ(၂၇)ရက်နေ့နှင့်၊ (၂၈)ရက်နေ့တို့တွင် ကာကွယ်ဆေးထိုးနှံပေးသွားမည်ကြောင်း၊ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း သက်ဆိုင်ရာဆေးရုံများတွင် ထိုနည်းတူစွာလည်ကောင်း ကာကွယ်ဆေး ထိုးနှံသွားမည်ဖြစ်ကြောင်း၊ ယခုပထမအကြိမ်တွင် လူဦးရေအားဖြင့်(၂၅၀၀)ဦးခန့်ကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပြီး ဦးစားပေးလူဦးရေ၊ အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။