Naypyitaw Council
နေပြည်တော်ကောင်စီ
နေပြည်တော်ကောင်စီနောက်ခံသမိုင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ဒေသသမိုင်းအနေဖြင့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများသည် ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှစတင်၍ နိုင်ငံတော်ရုံးစိုက်ရာဌာနချုပ်အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ပြီး ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီ (၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၀၆)မှ တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေးမြို့နယ်များ ပါ၀င်သည့် ပျဉ်းမနားခရိုင်အဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ ပျဉ်းမနားခရိုင်ကို နေပြည်တော်အဖြစ်သတ်မှတ်ခဲ့ပါသည်။ အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ၏(၂၆.၁၁.၂၀၀၈)ရက်စွဲပါစာအမှတ်၊ ၂၀၀/၂၃-၃၂၇/ဦး (၁)ဖြင့် ပျဉ်းမနားခရိုင်ရှိတပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေးမြို့နယ်များမှ နယ်မြေအချို့ကိုခွဲထုတ်ပြီးရပ်ကွက်(၁၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၀)အုပ်စု၊ ကျေးရွာ(၂၀၂)ရွာပါဝင်သောနေပြည်တော် မြို့နယ်ကိုတိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထဲ ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၂၈.၁.၂၀၀၉)ရက်စွဲပါစာအမှတ်၊ ၁၀၀/၆၂၉ (၁၂၁)/ရေး၁ဖြင့် ပျဉ်းမနားခရိုင်အား နေပြည်တော်ခရိုင်အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ နေပြည်တော်မြို့နယ်အားဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်များအဖြစ် ( ၅ )မြို့နယ်ကိုပြည်ထဲရေးဝန်ကြီးဌာန၏ (၂၆.၃.၂၀၀၉) ရက်စွဲပါ စာအမှတ်၊ ၂၀၀ / ၃၁-၁ / ဦး၁ ဖြင့် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို ဥတ္တရခရိုင်နှင့် ဒက္ခိဏခရိုင်ဟူ၍ ခရိုင်(၂)ခရိုင်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဥတ္တရခရိုင်တွင် တပ်ကုန်း မြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် တို့ဖြင့်လည်းကောင်း၊ ဒက္ခိဏ ခရိုင်တွင် ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ကို ထည့်သွင်းဖွဲ့စည်းခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၀(က)အရနေပြည်တော်သည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုနယ်မြေတစ်ခုအဖြစ် တည်ရှိပါသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၉)၊ (၅၀)၊ (၅၁) အရ နေပြည်တော်ကို နိုင်ငံတော် သမ္မတ၏တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ်သတ်မှတ်သည်။
နေပြည်တော်ကောင်စီဥက္ကဌနှင့် ကောင်စီ၀င်များ၏ လုပ်ငန်းတာ၀န်များ
စဉ် |
အမည် |
လုပ်ငန်းတာ၀န်များ |
(က) |
ဒေါက်တာမျိုးအောင် |
နိုင်ငံခြားရေး၀န်ကြီးဌာန၊ သမ္မတရုံး၀န်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၀န်ကြီးဌာန |
(ခ) |
ဗိုလ်မှုးကြီးမင်းနောင် |
ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်ထဲရေး၀န်ကြီးဌာန၊ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ အလုပ်သမားလူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန |
(ဂ) |
ဦးအောင်မြင်ထွန်း |
သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာန၊ ပြန်ကြားရေး၀န်ကြီးဌာန၊ ဒက္ခိဏခရိုင်တရားရုံး၊ ဒက္ခိဏခရိုင်ဥပဒေရုံး၊ နေပြည်တော်ကောင်မရှင်အဖွဲ့ခွဲရုံး၊ နေပြည်တော်စာရင်းစစ်ရုံး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ |
(ဃ) |
ဦးတင်ထွန်း |
သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန၊ ပညာရေး၀န်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန |
(င) |
ဦးအေးမောင်စိန် |
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန |
|
ကောင်စီ၏ တာ၀န်နှင့် လုပ်ပိုင်ခွင့်များအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ
(က) ပြည်ထောင်စုအစိုးရကနိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပေဒေ စိုးမိုးရေးကိုထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီရန်တာ၀န်ရှိသည်။
(ခ) နေပြည်တော်၏ အထွေထွေအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကိုအကောင်အထည်ဖော်ဆောင်ရွက်ရမည်။
(ဂ) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်နှင့် နေပြည်တော်အကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွ့င်ရစီရင်စုနှင့် နေပြည်တော်အကြားဖြစ်ပွားသည့် အုပ်ချုပ်ရေးဆိုင်ရာအငြင်းပွားမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရကပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခြင်းနှင့် လိုအပ်၍ အဆုံးအဖြတ်ပေးခြင်းများကို လိုက်နာဆောင်ရွက် ရမည်။
(ဃ) မိမိနယ်မြေဒေသ၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ တင်ပြရမည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်အကောက်ဆိုင်ရာကိစ္စရပ်များ
(က) ပြည်ထောင်စုအစိုးရကချမှတ်ထားသည့် မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင် စုဥပဒေများနှင့်သော်လည်းကောင်းမဆန့်ကျင်စေဘဲနေပြည်တော်အတွင်း သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းကအကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများ နှင့်စပ်လျဉ်းသည့်စီမံကိန်းများကိုနိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုနှင့်အညီ ကြီးကြပ် ခြင်းနှင့် ပေါင်းစပ်ခြင်းများပြုနိုင်သည်။
(ခ) ပြည်ထောင်စုအစိုးရ၏ မူဝါဒများနှင့်မဆန့်ကျင်စေဘဲ မိမိနယ်မြေအတွင်းဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းအစီအစဉ် များရေးဆွဲလျက် နိုင်ငံတော်သမ္မတထံတင်ပြရမည်။
(ဂ) နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းကိုရေးဆွဲလျက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာဥပဒေတွင် ထည့်သွင်းနိုင်ရန်အလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်။
(ဃ) ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ မိမိနှင့်သက်ဆိုင်သည် ခွင့်ပြု ဘဏ္ဍာငွေကိုသတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီသုံးစွဲခွင့် ရှိသည်။
(င) နောက်လာမည့် ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကိုလက်ရှိဘဏ္ဍာရေးနှစ် မကုန်ဆုံးမီအထိပြည်ထောင်စုလွှတ်တော်က အချိန်မီပြဌာန်းခြင်းမပြုနိုင်လျှင် နောက်လာမည့် ဘဏ္ဍာရေးနှစ်၏ အသုံးစရိတ်များ အနက် သာမန်အသုံးစရိတ်များကိုသာပြည်ထောင်စုလွှတ်တော်ကနောက်ဆုံးပြဌာန်း ထားသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ သာမန်အသုံးစရိတ် ခွင့်ပြုချက်ဘောင်အတွင်းသုံးစွဲခွင့်ရှိသည်။
(စ) နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မိမိ၏ ဘဏ္ဍာငွေနှင့်မလုံ လောက်၍ ရန်ပုံငွေထပ်မံလိုအပ်သဖြင့် နိုင်ငံတော်မှထောက်ပံ့နိုင်ရန် နေပြည်တော်စည်ပင် သာယာရေးကော်မတီကတင်ပြလာလျှင်ပြည်ထောင်စုအစိုးရသို့ဆက်လက်တင်ပြ တောင်းခံပေးရမည်။
တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များကကောက်ခံရန် သတ်မှတ်ထားသည့် ရငွေများနှင့် အခွန်အခအမျိုးအစားများကိုနေပြည်တော်အတွက် ကောက်ခံရန်ရှိပါကဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၁၊ ပုဒ်မခွဲ(ခ)နှင့်အညီကောက်ခံပြီးပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။
နယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ
နေပြည်တော်ကောင်စီသည် နေပြည်တော်အတွင်း၌ရှိသောကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန်ပေါ်ပေါက်လျှင် နိုင်ငံတော်သမ္မတထံထောက်ခံတင်ပြရမည်။
ဥပဒေကြမ်းများတင်သွင်းခြင်း
တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်ကိုဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး အဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ကိုဖြစ်စေဥပဒေပြုခွင့် အပ်နှင်းထားသော ကိစ္စနှင့်စပ်လျဉ်း၍ နေပြည်တော်အတွက် ဥပဒေပြဌာန်းရန်လိုအပ်ပါက ပြည်ထောင်စုလွှတ်တော်က ပြဌာန်းပေးနိုင်ရေးအတွက် ကောင်စီသည် ဥပဒေကြမ်းကိုသတ်မှတ်ထားသည့် နည်းလမ်းများနှင့် အညီပြုစု၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခွင့်ရှိသည်။
အခြားကိစ္စရပ်များ
(က)နေပြည်တော်အတွင်းလုံခြုံရေးဆိုင်ရာကိစ္စများကိုဆောင်ရွက်ရာတွင် သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
(ခ)သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ နေပြည်တော်အတွင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်ပါကပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းပြုနိုင်သည်။
(ဂ) နေပြည်တော်အတွင်း သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြီးကြပ်လမ်းညွှန်ရမည်။
(ဃ)နေပြည်တော်အတွင်း သဘာ၀ဘေးအန္တရာယ်များ ကာကွယ်တားဆီးရေးအတွက် စည်းရုံးဆောင်ရွက်ခြင်းနှင့် ယင်းအန္တရာယ်များ ပေါ်ပေါက်လာပါက ကယ်ဆယ်ရေး လုပ်ငန်း များကိုကြီးကြပ်ဆောင်ရွက်ခြင်းပြုရမည်။
(င)နေပြည်တော်အတွင်း တာ၀န်ထမ်းဆောင်လျက်ရှိသော နယ်ဘက် ၀န်ထမ်းအဖွဲ့အစည်း များ၏ လုပ်ငန်းဆောင်ရွက်မှုများကိုဥပဒေနှင့်အညီကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် ပေါင်းစပ် ညှိနှိုင်းပေးခြင်းပြုနိုင်သည်။
(စ)ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း၊ တည်ဆဲဥပဒေများအရလည်းကောင်းပေးအပ်သော လုပ်ငန်းတာ၀န်များကို ထမ်းဆောင်ရမည်။
(ဆ)နိုင်ငံတော်သမ္မတကဥပဒေနှင့်အညီပေးအပ်သော လုပ်ငန်းတာ၀န်များကို ထမ်းဆောင် ရမည်။
နေပြည်တော်ကောင်စီသည် အောက်ဖော်ပြပါ အခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်လျှင် နိုင်ငံတော်သမ္မတထံအမြန်ဆုံးတင်ပြရမည်-
(က)မိမိဒေသအတွင်းအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကိုဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် များနှင့်အညီ ဆောင်ရွက်နိုင်စွမ်းမရှိသောအရေးပေါ်အခြေအနေပေါ်ပေါက်ခြင်း၊
(ခ)မိမိဒေသအတွင်းပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်ခြင်းသို့မဟုတ် ထိုသို့ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိခြင်း။
ဖွဲ့စည်းပုံ
နေပြည်တော်ကောင်စီဥပဒေ အခန်း(၂) ပုဒ်မ(၃)၊ (၄)အရနေပြည်တော်ကောင်စီဥက္ကဌနှင့် အဖွဲ့၀င်များအား အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည်-
(က) |
ဒေါက်တာမျိုးအောင် |
ကောင်စီဥက္ကဌ |
(ခ) |
ဗိုလ်မှူးကြီးမင်းနောင် |
ကောင်စီ၀င် |
(ဂ) |
ဦးအောင်မြင်ထွန်း |
ကောင်စီ၀င် |
(ဃ) |
ဦးတင်ထွန်း |
ကောင်စီ၀င် |
(င) |
ဦးအေးမောင်စိန် |
ကောင်စီ၀င် |
(စ) |
ဦးစိုင်းသော်ဝင်း |
အတွင်းရေးမှူး |
|