စက်မှုဝန်ကြီးဌာန

ဌာနအဖွဲ့အစည်း၏အကြောင်းအရာ

သမိုင်းကြောင်း


    မြန်မာနိုင်ငံကို လယ်ယာစိုက်ပျိုးရေးနိုင်ငံဘဝမှ လယ်ယာကိုအခြေခံသော စက်မှုလက်မှု နိုင်ငံအဖြစ်သို့လည်းကောင်း ထိုမှတစ်ဆင့် စက်မှုနိုင်ငံအဖြစ်သို့ ကူးပြောင်းရေးကို ရှေးရှု၍ စားဝတ်နေရေးဆိုင်ရာ၊ စက်နှင့်စက်အရန်ပစ္စည်းဆိုင်ရာ စက်ရုံကြီးငယ်များစွာကို တည်ထောင်ခဲ့ပြီး၊ စက်မှုလက်မှုကဏ္ဍတွင် စားသောက်ကုန်၊ ဝတ်ဆင်ကုန်၊ လူသုံးကုန် ထုတ်လုပ်ရေးဆိုင်ရာ စက်ရုံကြီးငယ်များသည် ပြည်သူပိုင်၊ သမဝါယမပိုင်နှင့် ပုဂ္ဂလိကပိုင်ဟူ၍ သုံးမျိုးသုံးစားရှိခဲ့ပါသည်။ 

    မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးအချိန်တွင် စက်မှုလက်မှုလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန် ဝန်ကြီးဌာနတစ်ခုအနေဖြင့်  ၁၉၅၂ ခုနှစ်အထိ သီးခြားဖွဲ့စည်းထားခြင်းမရှိဘဲ အခြားကဏ္ဍများနှင့်ပူးတွဲ၍ စက်မှုလက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့်သတ္တုတွင်းဝန်ကြီးဌာန စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ စက်မှုလက်မှုလုပ်ငန်းများကို  တိုးချဲ့ဆောင်ရွက်သွားနိုင်ရေးအတွက် ၁၉၅၂ ခုနှစ်တွင် စက်မှုလက်မှုဝန်ကြီးဌာနကို ဌာနခွဲ၊ ဘုတ်အဖွဲ့နှင့် ကော်ပိုရေးရှင်း (၈)ခု တို့ဖြင့် သီးခြားဝန်ကြီးဌာနအဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။

  ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီမှ စတင်အကောင်အထည်ဖော်ခဲ့သော အုပ်ချုပ်ရေးစနစ်သစ်အရ ၁၉၇၂ ခုနှစ် မတ်လ(၁၆)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁)ဖြင့် စက်မှုလက်မှုဝန်ကြီးဌာန၏အမည်ကို စက်မှုဝန်ကြီးဌာနဟု ပြောင်းလဲခဲ့ပြီး ကော်ပိုရေးရှင်း (၁၆) ခုဖြင့်လည်းကောင်း၊ ၁၉၇၅ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့သည် စက်မှုလက်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းအရပ်ရပ်ကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ၁၉၇၅ ခုနှစ် မတ်လ(၂၉)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၃)ဖြင့် ၁၉၇၅ ခုနှစ် ဧပြီလ(၁)ရက်နေ့မှစတင်၍ စက်မှုဝန်ကြီးဌာနကို အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂.၁၂.၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉၅/၂၀၁၁ အရ အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာနတို့အား စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့၍ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန(၃) ခု၊ စက်မှုလုပ်ငန်း (၆) ခုနှင့် ဗဟိုဌာန (၂) ခု၊ စုစုပေါင်းဌာန (၁၂) ခု ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည် -
    (က)  ပြည်ထောင်စုဝန်ကြီးရုံး
    (ခ)    စက်မှုညွှန်ကြားရေးဦးစီးဌာန
    (ဂ)    စက်မှုစီမံကိန်းဦးစီးဌာန
    (ဃ)  စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
    (င)    အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
    (စ)    အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
    (ဆ)   အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
    (ဇ)    အထည်အလိပ်လုပ်ငန်း
    (ဈ)    ဆေးဝါးနှင့်စားသောက်ကုန်လုပ်ငန်း
    (ည)   စက္ကူနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း
    (ဋ)    သုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာန
    (ဌ)    အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန

    စက်မှုဝန်ကြီးဌာနတွင် လုပ်ငန်းသဘာဝတူညီမှုရှိသော ဦးစီးဌာနများပါဝင်နေခြင်း၊ ပုဂ္ဂလိကစက်မှုကဏ္ဍနှင့် အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အချို့ဌာနများ၏ ဖွဲ့စည်းပုံအား တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ခြင်း၊ စက်ရုံ/ အလုပ်ရုံများအား ပုဂ္ဂလိကသို့ ငှားရမ်းခြင်း၊ အကျိုးတူ/ဖက်စပ် ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဖွဲ့စည်းပုံ ပြန်လည်အပ်နှံရန် လိုအပ်ခြင်းတို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၄) မှ သဘောတူခွင့်ပြုချက်အရ ၁.၄.၂၀၁၄ ရက် နေ့မှစ၍ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန (၂)ခု၊ စက်မှုလုပ်ငန်း (၆) ခုနှင့် ဗဟိုဌာန(၁) ခု၊ စုစုပေါင်းဌာန(၁၀)ခု တို့ဖြင့် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-
    (က)   ပြည်ထောင်စုဝန်ကြီးရုံး
    (ခ)    စက်မှုညွှန်ကြားရေးဦးစီးဌာန
    (ဂ)    စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
    (ဃ)   အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
    (င)    အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
    (စ)    အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
    (ဆ)   အထည်အလိပ်လုပ်ငန်း
    (ဇ)    ဆေးဝါးနှင့်စားသောက်ကုန်လုပ်ငန်း
    (ဈ)    စက္ကူနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း
    (ည)   သုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာန

    နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိသော အစိုးရအုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အရ ဖွဲ့စည်းပုံများကို ခေတ်နှင့်အညီ တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရန်အတွက် ဖွဲ့စည်းပုံအင်အားကို ကျစ်လစ်မှုရှိစေရန် လိုအပ်ခြင်းကြောင့် ဝန်ကြီးရုံးအား တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ ဦးစီးဌာနအချို့အား လိုအပ်ချက်အရ အမည်ပြောင်းလဲ၍ ပြင်ဆင်လျှော့ချဖွဲ့စည်းခြင်း၊ စက်မှုလုပ်ငန်းများကို ပူးပေါင်းဖွဲ့စည်းခြင်း၊ ဗဟိုဌာနကို ဖျက်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    အထက်ပါအချက်များနှင့်အညီ ပြင်ဆင်ဖွဲ့စည်းခဲ့သည့် စက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကို ၂၅.၃.၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၅) မှ သဘောတူခွင့်ပြုချက်အရ ၁.၄.၂၀၁၅ ရက်နေ့မှစ၍ ဝန်ကြီးရုံး၊ ဦးစီးဌာန (၂) ခုနှင့် စက်မှုလုပ်ငန်း(၄) ခု၊ စုစုပေါင်း (၇) ခု တို့ဖြင့် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-
    (က)  ပြည်ထောင်စုဝန်ကြီးရုံး
    (ခ)    စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
    (ဂ)    စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
    (ဃ)   အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
    (င)    အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
    (စ)    အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
    (ဆ)   မြန်မာ့ဆေးဝါးလုပ်ငန်း

    အဆိုပါဖွဲ့စည်းပုံတွင် အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းရှိ အမှတ်(၁၈) အကြီးစားစက်ရုံ(အင်းကုန်း)အား လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ 

     ထို့နောက် အမှတ်(၁၁)အကြီးစားစက်ရုံ(ရန်ကုန်)၊အမှတ်(၁၂)အကြီးစားစက်ရုံ(ထုံးဘို)၊ အမှတ်(၁၃)အကြီးစားစက်ရုံ(မကွေး)၊ အမှတ်(၂၅)အကြီးစားစက်ရုံ(မြိုင်)တို့ကို ၁၃.၁.၂၀၁၆ ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၆)မှ သဘောတူ ခွင့်ပြုချက်အရ ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ၁၀.၁၁.၂၀၁၆ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၅/၂၀၁၆)မှ သဘောတူခွင့်ပြုချက်ဖြင့် စက်မှုဝန်ကြီးဌာန၏ဖွဲ့စည်းပုံအင်အားကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
    
    နိုင်ငံတော်သမ္မတရုံး၏ ၂၈.၁၁.၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၂၃/၂၀၁၉ အရ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ အမှတ်(၇)စက်မှုသင်တန်းကျောင်း(သထုံ)နှင့် အမှတ်(၈)စက်မှုသင်တန်းကျောင်း(မုံရွာ)တို့အား တိုးချဲ့ဖွဲ့စည်းခဲ့မှုအရ စက်မှုကဏ္ဍ၏ ဖွဲ့စည်းပုံခွင့်ပြုအင်အားကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။ 

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ  ၃.၅.၂၀၂၁ ရက်စွဲပါ အမိန့်အမှတ်၊ ၁၁၇/ ၂၀၂၁ ဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

 

 

မျှော်မှန်းချက်

  • ခေတ်မီစက်မှုနိုင်ငံထူထောင်ရန်

ရည်မှန်းချက်

  • စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆက်လက်ဆောင်ရွက်သင့်သည့် နိုင်ငံပိုင်စက်ရုံ အလုပ်ရုံများ အောင်မြင်မှုရရှိစေရန်၊ ပုဂ္ဂလိက စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံပိုင်စက်ရုံ အလုပ်ရုံများကို ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုအား တိုးမြှင့် ဆောင်ရွက်ရန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန်။ 
  • လုပ်သားအခြေပြု စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းကို အားပေးဆောင်ရွက်ပြီး ပြည်တွင်းဈေးကွက် ချဲ့ထွင်နိုင်ခြင်းမှတဆင့် ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်းများဖြစ်ပေါ်လာစေရန်။

မူဝါဒ

  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍများ ဘက်ညီဖွံ့ဖြိုးရေးအတွက်လယ်ယာ အခြေခံ စက်မှုလုပ်ငန်းများ၊ လယ်ယာထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်သည့် လုပ်ငန်းများနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် တိုးတက်လာစေရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်ပြီး အကြီးစား စက်မှုလုပ်ငန်းများအား ဆက်လက် ထူထောင်ခြင်းဖြင့် သွင်းကုန်အစားထိုး ထုတ်ကုန်နှင့် ပြည်ပပို့ထုတ်ကုန်များ တိုးမြင့်လာစေရေး။
  • စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံပိုင်စက်ရုံအလုပ်ရုံများ အောင်မြင်မှု ရရှိ စေရေးနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ၊ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ပိုမိုမြှင့်တင်ရေးအတွက် နည်းပညာ၊ အတတ်ပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ ပူးပေါင်း ဆောင်ရွက်ရေး။
  • စက်မှုထုတ်ကုန်များ အရည်အသွေး တိုးတက်မြင့်မားလာစေရန်နှင့် ဆန်းသစ်တီထွင်နိုင်ရန် အတွက် သုတေသနနှင့်ဖွံ့ဖြိုးမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် “စက်မှုနှင့် ဝန်ဆောင် မှု” လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး။
  • ပြည်တွင်းရှိသယံဇာတ ကုန်ကြမ်းပစ္စည်းများကို ထိရောက်အကျိုးရှိစွာအသုံးပြုပြီး တန်ဖိုး မြှင့်ထုတ်လုပ်ခြင်းအား တိုးမြှင့်ဆောင်ရွက်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု လျော့ နည်းစေသည့်  စက်မှုလုပ်ငန်းများဖြစ်စေရေး၊ ပြန်ပြည့်မြဲစွမ်းအင်များ အသုံးပြုနိုင်ရေးနှင့် စွမ်းအင်ကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး။
  • စက်မှုလုပ်ငန်းများအတွက် လိုအပ်သော သွင်းအားစုများဖြစ်သည့် လျှပ်စစ်ဓာတ်အား၊ ရေနံ၊ သဘာဝဓာတ်ငွေ့စသည်တို့ လုံလောက်စွာရရှိစေရေးအတွက် ပံ့ပိုး ညှိနှိုင်းဆောင်ရွက်ပေး ရန်နှင့်  စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းရှိ စက်မှုဇုန်များကို စနစ်တကျ စီမံခန့်ခွဲရေး၊ ကာကွယ်မှုအစီအမံများ ချမှတ်နိုင်ရေး။ 

လုပ်ငန်းစဉ်များ

  • နိုင်ငံပိုင်စက်မှုလုပ်ငန်းများအား ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ထုတ်ကုန်များ အရည် အသွေးကောင်းမွန်စေရေးနှင့် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီစေရန် သုတေသန ပြုလုပ်ခြင်း၊ ဆန်းသစ်တီထွင်ထုတ်လုပ်ခြင်း၊ အရောင်းမြှင့်တင်ရေးအစီအစဉ်များ ပြုလုပ်ခြင်းတို့ဖြင့် အောင်မြင်မှုရရှိစေရန် ဆောင်ရွက်မည်။ 
  • အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်ရာတွင် ခန့်အပ်ပြီး နိုင်ငံ့ဝန်ထမ်းများအား စီမံခန့်ခွဲ မှုဆိုင်ရာ မူဘောင်တစ်ရပ် ပေါ်ထွက်လာရေး ဆောင်ရွက်ခြင်း၊  ပုဂ္ဂလိကနှင့် လက်ရှိ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စက်ရုံ/ အလုပ်ရုံများအား မူလစာချုပ်ပါ စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်မှု ရှိ/မရှိ စိစစ်သုံးသပ်၍ စဉ်ဆက်မပြတ်ကြီးကြပ်ဆောင်ရွက်ခြင်း၊ ကျန်ရှိ သည့် စက်ရုံအလုပ်ရုံများအား ပုဂ္ဂလိကနှင့်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခြင်း၊ နည်းပညာသစ်များ ထပ်တိုးခြင်းတို့ဖြင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်မည်။
  • အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဈေးကွက်၊ နည်းပညာနှင့် ငွေကြေးအရင်းအနှီးများကို နိုင်ငံတော်နှင့် နိုင်ငံတကာအဖွဲ့ အစည်းများထံမှ အကူအညီအထောက်အပံ့ရရှိနိုင်ရန်နှင့် လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက် ရေးအတွက် ဆောင်ရွက်သွားမည်။ 
  • နိုင်ငံတော်နှင့် ပုဂ္ဂလိကအခန်းကဏ္ဍတွင် လိုအပ်လျက်ရှိသော ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် ကျွမ်းကျင်လုပ်သားများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် သင်တန်းကျောင်း များတွင် ပုံမှန်သင်တန်းများ ဖွင့်လှစ်ခြင်း၊ စက်မှုနှင့် အသက်မွေးပညာရွေ့လျား ရက်တို သင်တန်းများနှင့် ကျွမ်းကျင်မှုအခြေပြု ကာလတို (၃) လ သင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်သွားမည်။
  • သင်တန်းကျောင်းမှ အရည်အသွေးပြည့်ဝသောကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် လေ့ကျင့်သင်ကြားပေးနေသော နည်းပြများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် နည်းပြ လေ့ကျင့်မွမ်းမံရေး သင်တန်းများသို့စေလွှတ်ခြင်း၊ သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲခြင်းနှင့် ဘာသာရပ်နှင့်ကိုက်ညီသောသင်တန်းများ တိုးချဲ့ဖွင့်လှစ်ခြင်းများ ဆောင်ရွက်သွားမည်။
  • အရည်အသွေးအာမခံမှုရှိစေရန်၊ သင်တန်းဆင်းများ ကျွမ်းကျင်မှု စစ်ဆေးခံနိုင်စေရန်နှင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရရှိနိုင်ရေးတို့အတွက် သင်တန်းကျောင်းများတွင် သက်ဆိုင်ရာအလုပ်အကိုင်အလိုက် မြန်မာနိုင်ငံကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ NSSA အသိအမှတ်ပြုစစ်ဆေးအကဲဖြတ်ရေးဌာန(Assessment Center) များအဖြစ် ရရှိရေး အတွက် ဆောင်ရွက်သွားမည်။
  • စွမ်းအင်ကိုအကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ဥပဒေမူဘောင်များ ထွက်ပေါ်လာရေးနှင့် ကဏ္ဍစုံလိုအပ်သည့် အစီအမံများနှင့်  ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များ အသုံးချနိုင်ရေးအပါအဝင် ဆက်စပ်လုပ်ငန်းများအား ချမှတ် အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆောင်ရွက်မည်။      
  • ဓာတုပစ္စည်း သွင်းကုန်၊ ထုတ်ကုန်များကို နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေး ထောက်ခံချက်များ အချိန်မီထုတ်ပေးနိုင်ရေး အတွက် မူလဓါတ်ခွဲခန်း တည်ဆောက်ခြင်း နှင့် ဓာတုစွန့်ပစ်ပစ္စည်းများကြောင့် လူသားများ၏ ကျန်းမာရေးနှင့် ဂေဟစနစ်များအား ထိခိုက်ခြင်းမှ ကာကွယ်မည့်အစီအမံများ ချမှတ်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်မည်။
  • ဝန်ကြီးဌာနမှ ပြဌာန်းထားရှိပြီးဖြစ်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စက်မှုကဏ္ဍဆိုင်ရာလုပ်ငန်းများအား ကြီးကြပ်ခြင်းနှင့် အားပေး မြှင့်တင်ခြင်းတို့ ဆောင်ရွက်မည်။

ဖွဲ့စည်းပုံ

စက်မှုဝန်ကြီးဌာနကို အောက်ဖော်ပြပါ ဦးစီး/လုပ်ငန်းဌာနများနှင့် ဖွဲ့စည်းထားပါသည်-

(က) ပြည်ထောင်စုဝန်ကြီးရုံး                              

       
( ခ) စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန      

       
( ဂ) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန 

       
(ဃ) အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း          

       
( င) အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း           

       
( စ) အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း            

               
(ဆ) မြန်မာ့ဆေးဝါးလုပ်ငန်း                             

       

 

Website လိပ်စာ

www.industry.gov.mm

ဝန်ဆောင်မှုများ

( ၁) စက်မှုသင်တန်းကျောင်းများတက်ရောက်ရန် လျှောက်ထားခြင်း

( ၂) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း

( ၃) ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများအတွက် မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း

( ၄) ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းအတွက် ထောက်ခံချက် လျှောက်ထားခြင်း

( ၅) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက် လျှောက်ထားခြင်း

( ၆) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ နိုင်ငံတွင်းမှတစ်ဆင့်ဖြတ်သန်းကုန်သွယ်ခွင့်အတွက် ထောက်ခံချက်လျှောက်ထားခြင်း

( ၇) ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်း

( ၈) ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူလက်မှတ်ထုတ်ပေးခြင်း

(၉) ဘွိုင်လာမှတ်ပုံတင်စစ်ဆေးခြင်း

(၁၀) အသုံးပြုနေသော ဘွိုင်လာများအား နှစ်စဉ်စစ်ဆေးခြင်း

(၁၁) ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများသင်တန်းဖွင့်လှစ်ခြင်း

(၁၂) ဘွိုင်လာပြုပြင်သူလက်မှတ်များ ထုတ်ပေးခြင်း

(၁၃) လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးစစ်ဆေးခြင်း

(၁၄) ဓာတ်ခွဲခန်းတွင်လျှပ်စစ်ပစ္စည်းများစစ်ဆေးခြင်း

(၁၅) လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ထုတ်ပေးခြင်း

(၁၆) လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းများဖွင့်လှစ်ပို့ချခြင်း

(၁၇) လျှပ်စစ်ဓာတ်လိုက်မှုများစစ်ဆေးခြင်း

(၁၈) ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) ထံမှ နည်းပညာ လွှဲပြောင်းရယူနိုင်ရန် လျှောက်ထားပေးခြင်း

(၁၉) အသေးစားနှင့်အလတ်စားလုပ်ငန်းများအား SME လုပ်ငန်းများအဖြစ် အသိအမှတ်ပြုကဒ်များ ထုတ်ပေးခြင်း

(၂၀) Credit Guarantee Insurance (CGI) စနစ်ဖြင့် ချေးငွေလျှောက်ထားနိုင်ရန်အတွက် အသေးစားနှင့်အလတ်စားလုပ်ငန်းများအား SME Recommendation Letter များ ထုတ်ပေးခြင်း