UEC Chairman receives Regional Director for Asia-Pacific of IFES


Union Election Commission/ Office (22), Nay Pyi Taw / October 17, 2018
UEC Chairman U Hla Thein meets with Asia-Pacific IFES Regional Director Mr.Vasu Mohan in Nay Pyi Taw


နေပြည်တော် အောက်တိုဘာ ၁၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် International Foundation for Electoral Systems (IFES) အဖွဲ့မှ Regional Director for Asia-Pacific ဖြစ်သူ Mr. Vasu Mohan အား ယနေ့နံနက် ၉:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက IFES နှင့် ၂၀၁၃ ခုနှစ်မှ စတင်ကာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ပြီး IFES အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများပို့ချခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် ထိန်းသိမ်းခြင်း၊  နိုင်ငံတကာရွေးကောက်ပွဲများ လေ့လာခြင်း၊ မဟာဗျူဟာစီမံကိန်းများရေးဆွဲခြင်း စသည့်လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးနေမှုနှင့်  ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် IFES နှင့် ဆက်လက် ပူးပေါင်း​ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် Mr. Vasu Mohan က IFES အဖွဲ့အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်သွားမည့် အခြေအနေ၊ အမုန်းစကားပြန့်ပွားမှု၊ အငြင်းပွားမှုနှင့် စပ်လျဉ်း၍ သုတေသနဆောင်ရွက်ထားရှိမှု၊ IFES မှ ပြုစုထားသည့် ရွေးကောက်ပွဲများ၌ တွေ့ကြုံရသည့် အမုန်း စကားကို တိုက်ဖျက်ခြင်း၊ ရွေးကောက်ပွဲစီမံခန့်ခွဲရေးဆိုင်ရာ မဟာဗျူဟာများ (IFES စက္ကူဖြူစာတမ်း) နှင့်စပ်လျဉ်းပြီး တင်ပြဆွေးနွေးခဲ့ပါသည်။