Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသုံးထောင်ကျော်အား ဂုဏ်ပြုချီးမြှင့်


Mandalay Region Government/ မန္တလေးတိုင်းဒေသကြီး / January 07, 2021


၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့
  Covid-19ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင် လျက်ရှိ ကြသော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သုံးထောင်ကျော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အလှူရှင်များက ယနေ့ ညနေပိုင်းတွင် ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ခဲ့သည်။
  မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင် ၇ ခရိုင် ၊မြို့နယ် ၂၈ မြို့နယ်နှင့် မြို့ ၆ မြို့တို့တွင် တာဝန်ထမ်းဆောင်နေကြသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အရာထမ်းအမှုထမ်း ၃ဝ၂၂ ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀နှုန်း ဖြင့် စုစုပေါင်း ဂုဏ်ပြုငွေ ၄၅၃၃၀၀၀၀ ကျပ် ကို ချီးမြှင့် ခဲ့ဲခြင်းဖြစ်သည်။
“ ငွေကြေးပမာဏအနေနဲ့ပြောရရင်တော့ ဘာမှမများပေမယ့် အားလုံးမှာ အသိအမှတ်ပြုတဲ့ စေတနာရှိပါတယ်၊ ထောက်ပံ့ချင်တဲ့ စေတနာ ရှိတယ်ဆိုတာကိုတော့ ပြရာရောက်ပါတယ်၊ ကိုဗစ်-၁၉ ရောဂါ ကမမျှော်လင့် ပဲဖြစ်လာတဲ့ ကပ်ရောဂါအန္တရာယ်တစ်ခုပါ၊ တစ်နှစ်နီးပါးရှိပါပြီ၊ ပင်ပင်ပန်းပန်းလုပ်ကြရတာ မန္တလေးတိုင်းအတွင်းမှာလည်း ၄၊ ၅လလောက်ရှိနေပါပြီ၊ အဓိက ကျန်းမာရေးဝန်ထမ်းတွေအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းတွေ၊ Volunteer တွေလည်းပါပါတယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေတကယ်အလုပ်လုပ်ခဲ့ရတာ ကလည်းမျက်မြင်ကိုယ်တွေ့ပါပဲ၊ တကယ်လည်းလုပ်ခဲ့ရပါတယ်၊ ဘယ်တော့အထိ သွားမယ်ဆိုတာမသိသေးပါဘူး၊ ရှေ့ဆက်လုပ်ရမယ့်လုပ်ငန်း တွေရှိဦးမှာပါ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေကိုလည်း အခုဂုဏ်ပြုချီးမြှင့်ငွေကျပ် တစ်သောင်းခွဲကို မြန်မြန်ဆန်ဆန်လေးပေး သွားဖို့လိုပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောသည်။
 ထို့ပြင် ဝန်ကြီးချုပ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့်ဦးစီးပြီး လုပ်ငန်းများဆောင်ရွက်ရသဖြင့် တိုက်တွန်းထောက်ခံနေသကဲ့သို့ ဝေဖန်အကြံပြုစရာများလည်းရှိကြောင်း၊ နိုင်ငံတော်ကနေထောက်ပံ့ကြေးငွေများပေးအပ်သည့်အခါမှာ ပြဿနာများနှင့် တိုင်ကြားမှုများလည်း ရှိကြောင်း၊ ငွေကြေးကိစ္စများကို ကိုင်တွယ်ရသည်မှာလည်း အခက်အခဲများစွာရှိသဖြင့် အောက်ခြေအဆင့်အထိသိရှိနိုင်ရန် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူ့ဘဏ္ဍာများဖြစ်သဖြင့် ကြပ်မတ်စွာဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။ 
 အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် မန္တလေးခရိုင်ရုံးမှ ဝန်ထမ်း ၅၃ ဦး၊ ပြင်ဦးလွင်ခရိုင်မှ ဝန်ထမ်း ၄၆၉ဦး၊ ကျောက်ဆည်ခရိုင်မှ ဝန်ထမ်း ၅၀၅ ဦး၊မိတ္ထီလာခရိုင်မှ ဝန်ထမ်း ၄၆၃ ဦး၊ မြင်းခြံခရိုင်မှ ဝန်ထမ်း ၄၇၆ဦး၊ ရမည်းသင်းခရိုင်မှ ဝန်ထမ်း ၂၇၀ ဦး၊ ညောင်ဦးခရိုင်မှ ဝန်ထမ်း၃၆၀ ဦး၊ အောင်မြေသာစံမြို့နယ်ရုံးမှဝန်ထမ်း ၅၀ ဦး၊ ချမ်းအေးသာစံမြို့နယ်ရုံးမှ ဝန်ထမ်း ၅၂ ဦး၊ မဟာအောင်မြေမြို့နယ်ရုံးမှ ဝန်ထမ်း ၄၇ဦး၊ ချမ်းမြသာစည်မြို့နယ်ရုံးမှ ဝန်ထမ်း ၄၄ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်ရုံးမှ ဝန်ထမ်း ၄၉ ဦး၊ အမရပူရမြို့နယ်ရုံးမှ ဝန်ထမ်း ၉၆ ဦး၊ ပုသိမ်ကြီး မြို့နယ်ရုံးမှ ဝန်ထမ်း ၈၈ ဦး ပါဝင်ပြီး ဂုဏ်ပြုငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားတွင် မန္တလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ်က ဝန်ထမ်း များကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။