ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (၅)ကြိမ်မြောက်အစည်းအဝေးကျင်းပ


Ministry of Social Welfare, Relief & Resettlement/ nay pyi taw / September 18, 2018


လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (၅)ကြိမ်မြောက်အစည်းအဝေးကိုယနေ့မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပါသည်။
    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကအဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ရခိုင်ပြည်သူပြည်သားများနှင့် ရခိုင်ပါတီဝင်များပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် တစ်နိုင်ငံလုံးအရေးဟုယူဆသည့်အတွက် ပြည်သူများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်း၊အစိုးရအနေဖြင့် ရေတိုရေရှည်လုပ်ငန်းများဆောင်ရွက်ပေးဖို့ရှိကြောင်း၊ အစိုးရအသစ်စတက်ကတည်းကတိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိုဦးစားပေးဆောင်ရွက်ခဲ့ပြီးရခိုင်ပြည်နယ်အရေးကိုအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အရေးသည်ရေရှည်ဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူများအနေဖြင့် ဘယ်လိုပင်စွန့်ခွါပါစေအစိုးရအနေဖြင့့်စိစစ်၍ပြန်လည်လက်ခံရမည်ဖြစ်ကြောင်း၊ကော်မတီတွင်တာဝန်ယူထားသူများအနေဖြင့် မိမိတို့၏တာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်လိုအပ်ချက်များအတွက် သဘောတူညီချက်များနှင့်အညီကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊
    ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူစာချုပ်များအရပြန်လည်လက်ခံရေးအစီအစဥ်များရေးဆွဲထားကြောင်း၊ပုံမှန်နည်းလမ်းနှင့်ပြန်လက်ခံနိုင်ဖို့အတွက် အဟန့်အတားအနှောင့်ယှက်များကိုဖော်ထုတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီအလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုံခြုံရေးသည် အလွန်အရေးကြီးသောကဏ္ဍဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
    ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တက်ရောက်လာသောပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီပူးတွဲဥက္ကဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးဦးအောင်ကျော်ဇံနှင့် သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များကအသီးသီးတင်ပြဆွေးနွေးခဲ့ကြပြီးဆုံးဖြတ်ချက်များချမှတ်နိုင်ခဲ့ကြောင်းသတင်းရရှိပါသည်။