ရေပူမရမ်းချောင်စစ်ဆေးရေးအဖွဲ့ ယာဉ်စစ်ဆေးရာမှ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ


Ministry of Information/ ​နေပြည်တော် / April 25, 2019


နေပြည်တော် ဧပြီ ၂၄

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်း စစ်ဆေး ရေး စခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးမှု ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၃ ရက်တွင် ရေပူ အမြဲတမ်း စစ်ဆေးရေးစခန်းမှ တားဆီးမှုသုံးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆ ဒသမ ၁ သန်း၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေး စခန်းမှ တားဆီးမှုတစ်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၀ ဒသမ ၄၄၆ သန်း၊ စုစုပေါင်း တားဆီးမှု လေးမှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆ ဒသမ ၅၄၆ သန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိသည်။

ထူးခြားဖမ်းဆီးမှုအနေဖြင့် ဧပြီ ၂၂ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်စဉ် Toyota Kluger ယာဉ် တစ်စီးပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသော ကျောက်စိမ်းတုံး ၇၆၂ ကီလိုနှင့် ပစ္စည်းသယ်ဆောင်သည့် ယာဉ်တစ်စီး၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃ ဒသမ ၁ သန်းအား တွေ့ရှိ၍ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အလားတူ ဧပြီ ၂၂ ရက်တွင် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်စဉ် တရားဝင်စာရွက် စာတမ်းအထာက်အထား တင်ပြနိုင်ခြင်း မရှိသည့် သစ်သီးနှစ်မျိုး၊ ခန့်မှန်း တန်ဖိုး ငွေကျပ် ၀ ဒသမ ၃၄၃ သန်းအား တွေ့ရှိ၍ ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

သတင်းစဉ်