ကျေးရွာပေါင်း(၂၉)ရွာကျော် အကျိုးပြုမည့် သူဌေးကုန်း-ကင်းရွာ ကွန်ကရစ်လမ်းဖွင့်လှစ်


Bago Region Government/ ကျောက်တံခါးမြို့နယ် / March 29, 2019


မတ်လ(၂၉)ရက်၊ ကျောက်တံခါးမြို့

==========================

ကျောက်တံခါးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ထူးလင်းကုမ္ပဏီတို့ တာဝန်ယူဆောင်ရွက်ခဲ့သော ကျေးရွာပေါင်း(၂၉)ရွာကျော် အသုံးပြုမည့် သူဌေးကုန်း-ကင်းရွာကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို မတ်လ(၂၉)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ကျောက်တံခါးမြို့နယ် သူဌေးကုန်း-ကင်းရွာကွန်ကရစ်လမ်းမုခ်ဦး၌ ကျင်းပပြုလုပ်သည်။
အဆိုပါလမ်းဖွင့်ပွဲအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးမှ လမ်းဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ထို့နောက် သူဌေးကုန်း-ကင်းရွာကွန်ကရစ်လမ်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခင်သက်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
အဆိုပါလမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် ပြည်ထောင်စု Pilot Project ရန်ပုံငွေ(၁၄၂၈.၂၃၉)သန်းဖြင့် အရှည်(၆)မိုင်၊ အကျယ်(၁၂)ပေ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးရွာအုပ်စု(၃)အုပ်စုနှင့် ကျေးရွာပေါင်း (၂၉)ရွာကျော်အတွင်းရှိ အိမ်ထောင်စု(၂၄၅၂)စု၊ လူဦးရေ(၁၅၁၉၉)ဦး၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့အတွက် ဆက်သွယ်သွားလာ အကျိုးပြုနိုင်မည့် လမ်းဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် (၂၁၂)မိုင်(၃.၇၃)ဖာလုံ၊ ၂၀၁၈ခုနှစ်(ဧပြီလမှ စက်တင်ဘာလအထိ)ဘဏ္ဍာရေးနှစ်တွင် (၁၉၆)မိုင်(၆.၈၁)ဖာလုံ စုစုပေါင်း(၄၀၉)မိုင်(၂.၅၄)ဖာလုံအား ကျေးရွာများလမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရန် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ကျေးလက်လမ်း(၁၇၆)မိုင် (ဝ.၂၈)ဖာလုံ၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း(၈)မိုင်(၇.၅၆)ဖာလုံ၊ ကွန်ကရစ်လမ်း(၈၆)မိုင်(၄.၂၃၉)ဖာလုံ၊ ကျောက်လမ်း(၁၂၀)မိုင် (ဝ.၄၆)ဖာလုံ၊ ဂဝံလမ်း(၄၇)မိုင်(၂.၈၄၅)ဖာလုံ၊ မြေသားလမ်း(၃၇)မိုင်(၆.၈၄၈)ဖာလုံ၊ စုစုပေါင်းလမ်းမိုင်(၃၀၀)မိုင်(၅.၉၅၂)ဖာလုံနှင့် တံတားပေါင်း (၇၅)စင်း၊ ပေပေါင်း(၄၀၆၇)ပေအား ခန့်မှန်းကုန်ကျငွေကျပ်(၄၄၂၆၂.၂၅၆)သန်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မာဖွံ့ဖြိုးတိုးတက် လာစေရန် စီမံကိန်းရေးဆွဲ လျာထားလျှက်ရှိကြောင်း သိရှိရပါသည်။

​​​​​​​