ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်ဆေးရုံနှင့် သရေခတ္တရာ(ပျူ)မြို့ဟောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး


Bago Region Government/ ပြည်မြို့ / March 08, 2019


 

 

 

မတ်လ(၈)ရက်၊ ပြည်မြို့

=====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါလျက် မတ်လ (၈)ရက်နေ့၊ နံနက်(၈:၃၀)အချိန်က ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဆေးရုံအုပ်ကြီး ဒေါက်တာခင်မေလွင်က ဆရာဝန်နှင့် လူနာအချိုး၊ လက်ရှိဆေးဝါးကုသပေးနေမှု အခြေအနေ၊ နှစ်စဉ်ကူးစက်ရောဂါဖြစ်ပွားမှုအခြေအနေနှင့် ဆေးရုံအတွင်း ထပ်မံလိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူ့ဆေးရုံသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများရဲ့ အမြင့်မြတ်ဆုံး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ နေ့စဉ်လူနာများနှင့် ထိတွေ့ဆက်ဆံရာတွင် ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံကြရန်၊ ဆေးဝါးလိုအပ်မှုများအား ပြည်ထောင်စုအဆင့်မှ ဖြည့်ဆည်းဆောင်ရွက်ပေးရသလို အရေးပေါ်ကာလများတွင်လည်း မိမိတို့အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်တလော ခွေးရူးပြန်ကာကွယ်ဆေးများကို အလှူရှင်များနှင့် ချိတ်ဆက်၍ ပဲခူးပြည်သူ့ဆေးရုံကြီးကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဆေးရုံးဝန်း အတွင်း/အပြင် သန့်ရှင်းရေး၊ အစားအသောက်များ သန့်ရှင်းရေး၊ လိုအပ်ပါက FDA အဖွဲ့မှ ကွင်းဆင်းစစ်ဆေးရန်နှင့် ဆေးကုသမှုများ ကုသိုလ်ရသည့် လုပ်ငန်းဖြစ်၍ လူနာများအား စေတနာ၊ မေတ္တာ၊ ဂရုဏာထား ပြုစုစောက်ရှောက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အဖွဲ့သည် ပြည်မြို့အနီး သရေခေတ္တရာ(ပျူ)မြို့ဟောင်းသို့ သွားရောက်ကြည့်ရှုခဲ့ရာ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မျိုးဝင်းက ပျူမြို့ဟောင်း သမိုင်းဆိုင်ရာ အချက်အလက်များအား လိုက်လံရှင်းလင်းပြသခဲ့ရာ၊ ဝန်ကြီးချုပ်က ရှေးဟောင်းသမိုင်းအမွေအနှစ်သည် နိုင်ငံတစ်ခု၏ ယဉ်ကျေးမှုအဆင့်အတန်း၊ ဂုဏ်ယူစရာ ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းတစ်ခုသည် သဘာဝတောတောင်ရေမြေ လှပမှုဖြင့် ဖမ်းစားရသလို၊ ရှေးဟောင်းယဉ်ကျေးမှုနှင့်လည်း စိတ်ဝင်စားအောင် ပြုလုပ်ရကြောင်း၊ ခရီးသွားလုပ်ငန်းများသည် တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေ ရရှိသလို မီးခိုးမထွက်သည့်စက်ရုံတစ်ခု တည်ဆောက်ခြင်းလည်းဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပ ခရီးသွားများ ပိုမိုလာရောက်လည်ပတ်နိုင်ရန်အတွက် သမိုင်းဆိုင်ရာအချက်အလက်များအား ခရီးသွားလမ်းညွှန် Website များတွင် လွှင့်တင်ခြင်း၊ ခရီးသွား အေဂျင်စီများနှင့်ချိတ်ဆက်၍ ဆောင်ရွက်ရန်၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဒေသခံပြည်သူများအား အသိပညာပေးခြင်းနှင့် အတူပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သရေခေတ္တရာ မြို့ဟောင်းသည် ရန်ကုန်မြို့၏အနောက်မြောက် မိုင်၁၈၀ ပြည်မြို့အရှေ့တောင်ဘက် ၅မိုင်ခန့်အကွာတွင်တည်ရှိပြီး၊ မြို့ရိုးမှာအဝိုင်းသဏ္ဍန်တည်ရှိ၍ လေးထောင်ပုံမြို့ရိုးများထက် ပို၍ရှေးသည်။ ပျူမြို့ဟောင်းများတွင် သရေခေတ္တရာသည် အရွယ်အစားအကြီးဆုံးဖြစ်ပြီး စတုရန်းမိုင်ပေါင်း ၅ မိုင်ခွဲ ပတ်လည်ရှိသည်။ မြန်မာရာဇဝင်အရ သရေခေတ္တရာ မြို့ကြီး၌တံခါးကြီး (၃၂) ခု၊တံခါးငယ် (၃၃)ခုရှိသည်။ ယခုတူးဖော်ကျန်ရစ်သော တံခါးပေါက်များမှာ ၊ နတ်ပေါက်၊ နဂါးတွန့်ပေါက်၊ ရွှေတံခါးပေါက်၊ မုတ်ရှည်ပေါက်၊ ရန္တာပေါက်၊ ဘီလူးမပေါက်၊ သာယာဝတီပေါက်၊ မုဋ္ဌောပေါက်၊ တွင်းပြဲပေါက် ဟူ၍ တူးဖော်နိုင်ခဲ့သည်။ သရေခေတ္တရာ မြို့မှာနေထိုင်သော ပျူလူမျိုးများသည် ယဉ်ကျေးမူ၊ ကိုးကွယ်ယုံကြည်မူ၊ အနုပညာ စသော အမွေအနှစ်များစွာ ထွန်းကားခဲ့သော ရှေးဟောင်းမြို့တော်ကြီးတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

​​​​​​​http://bagoregion.gov.mm/?p=14818