ပေါက်ခေါင်းမြို့နယ်၊ တောင်နဝင်းရေလှောင်တမံ ပြုပြင်ဆောင်ရွက်နေမှုအား ဝန်ကြီးချုပ် ဦးဝင်းသိန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး


Bago Region Government/ ပေါက်ခေါင်းမြို့နယ် / March 08, 2019


​​​​​​​

မတ်လ(၇)ရက်၊ ပေါက်ခေါင်း

==================

မတ်လ(၇)ရက်နေ့၊ ညနေ(၄:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ပေါက်ခေါင်းမြို့နယ်၊ တောင်နဝင်းရေလှောင်တမံ ပြုပြင်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ တောင်နဝင်းရေလှောင်တမံရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ပင်မရေလှောင်တမံ အက်ကြောင်းများဖြစ်ပေါ်ခဲ့မှု၊ တမံနိမ့်ကျခဲ့မှုများအား ပြုပြင်ဆောင်ရွက်ခြင်း၊ ဘိလပ်မြေသရွတ်မှုတ်သွင်းနေမှုစသည့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က တောင်နဝင်းရေလှောင်တမံ၏ ဖြစ်စဉ်အခြေအနေများ၊ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒါကြောင့် လုပ်ငန်းဆောင်ရွက်မှုတိုင်းကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်ချက်များ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တစ်ဘက်မှာလည်း ပြည်သူများ စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရာသီဥတုသည် ခန့်မှန်းလို့ မရနိုင်သဖြင့် အချိန်မီပြီးစီးရန်လည်း လိုအပ်ကြောင်း လမ်းညွှန်မှာကြားပြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် တောင်နဝင်းရေလှောင်တမံ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် တောင်နဝင်းရေလှောင်တမံ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် မိုးရာသီမတိုင်မီ အပြီးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်၊ အင်ဂျင်နီယာချုပ်(စက်မှု) ဦးထွန်းကျော်စိုး၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးနှင့် အခြားပြည်နယ်/တိုင်းဒေသကြီးတို့မှ ညွှန်ကြားရေးမှူးများမှ အနီးကပ်ကြီးကြပ်စီမံဆောင်ရွက်၍ (၁) တမံ၏ အောက်ခံအုတ်မြစ်အားဖြည့်ခြင်းအတွက် ဘိလပ်မြေသရွတ်မှုတ်သွင်းခြင်းလုပ်ငန်း၊ (၂) တမံကိုယ်ထည်၏နောက်ဘက်မှ မြေသားပိုး၍ ဖို့ခြင်းလုပ်ငန်း၊ (၃) တမံထိပ်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းတို့အား စက်ယန္တရား(၅၄)စီး၊ Generator (၅)လုံး၊ Water Pump (၂)လုံး၊ ဘိလပ်မြေသရွတ်မှုတ်သွင်းစက်(၁၇)စီးနှင့် မြေအားခံနိုင်ရည်စမ်းသပ်စက် (CPT) (၁)စီးတို့ဖြင့် နေ့ညမပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

​​​​​​​http://bagoregion.gov.mm/?p=14806