ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံစမ်းသပ်စီမံကိန်းနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး


Ministry of Planning and Finance/ Yangon / December 19, 2018


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်တွင် ရာသီဥတုညွှန်းကိန်း အခြေပြုသီးနှံအာမခံစမ်းသပ်စီမံကိန်း နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့(၁၈.၁၂.၂၀၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် အရာထမ်းဝန်ထမ်းများ၊ မြန်မာ့ အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် အရာထမ်းဝန်ထမ်းများ၊ အာမခံဒီဇိုင်းနှင့် နည်းပညာအကူအညီပေးသော Sompo Japan Nipponkoa Insurance Inc. ဂျပန်အာမခံကုမ္ပဏီမှ မြန်မာနိုင်ငံကိုယ်စားလှယ် Mr. Keiji Okada နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်၊ စပါး ကုန်သည်ကြီးများအသင်းမှ ဧည့်သည်တော်များ  တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် Sompo Japan Nipponkoa Insurance Inc. ဂျပန်အာမခံကုမ္ပဏီမှ မြန်မာနိုင်ငံကိုယ်စားလှယ် Mr. Keiji Okada တို့က အမှာစကား အသီးသီးပြောကြားရာတွင် ယခုကဲ့သို့ နှစ်ဦးနှစ်ဘက် သဘောတူညီမှု ရယူပြီးသည့်အချိန်မှစ၍ မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တို့ပူးပေါင်း၍ မိုးခေါင်ခြင်းကြောင့် လယ်သမားများ၏ စပါးသီးနှံဆုံးရှုံးမှုများအတွက် မိုးရေချိန်ပမာဏပေါ်အခြေပြု၍ အာမခံလျော်ကြေးပေးလျော်မည့် မိုးလေဝသညွှန်းကိန်း အခြေပြု သီးနှံအာမခံ(Weather Index-based Crop Insurance)လုပ်ငန်းကို Sompo Japan Nipponkoa Insurance Inc. ၏ အကူအညီနှင့် စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဤအာမခံစမ်းသပ်အကောင်အထည်ဖော်ခြင်းသည် မိုးခေါင်ခြင်းကြောင့် သီးနှံပျက်စီးဆုံးရှုံး ရခြင်းနှင့် ထိုကဲ့သို့ ပျက်စီးဆုံးရှုံးမှုကြောင့် လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည် ပေးဆပ်ရာတွင် အခက်အခဲဖြစ်နေခြင်းကို အာမခံနည်းစနစ်နှင့် တစ်ဖက်တစ်လမ်းက အကူအညီပေးသွားဖို့ ဖြစ်ပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်မည့်ဒေသများမှာ ပဲခူးတိုင်း ဒေသကြီး ပြည်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တို့ဖြစ်ပါကြောင်း၊ စမ်းသပ် ကာလ တစ်နှစ်အတွင်း အဓိကသီးနှံဖြစ်သော စပါးအမျိုးအစား တစ်ခုတည်းကိုပဲ အာမခံလက်ခံ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ အဓိကထားသည့် အာမခံအကာအကွယ်မှာ မိုးခေါင်ခြင်း သဘာဝဘေးအန္တရာယ်ဖြစ်ပါကြောင်း၊ အမှန်တကယ်မိုးရွာသွန်းမှုပမာဏသည် ဒေသအလိုက် ကြိုတင်သတ်မှတ်ထားသော မိုးရေချိန်ပမာဏအောက် လျော့နည်းနေပါက အာမခံထားရှိသူအား လျော်ကြေးပေးလျော်မည်ဖြစ်ပါကြောင်း၊ အာမခံလက်ခံဆောင်ရွက်မည့် ကုမ္ပဏီမှာ မြန်မာ့ အာမခံလုပ်ငန်းဖြစ်ပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် အဆိုပါအာမခံ အမျိုးအစားကို ဖြန့်ဝေသူအဖြစ် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊  ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံစီမံကိန်း၏ နည်းပညာအကြံပေးဖြစ်သည့် Sompo Japan Nipponkoa Insurance Inc. (SOMPO) အာမခံကုမ္ပဏီသည် အရှေ့တောင်အာရှဒေသများတွင် လယ်သမားများအတွက် ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ လေ့လာမှုများ အတွက် အခြေခံအုတ်မြစ် လုံလောက်မှုမရှိသည့်အတွက် ယင်းအချက်သည် ရာသီဥတုညွှန်းကိန်း အာမခံ အကောင်အထည်ဖော်ရေးအတွက် အဓိကအတားအဆီးဖြစ်ခဲ့ပါကြောင်း၊ သို့သော်လည်း SOMPO သည် ဂြိုလ်တု(Satellite)နည်းပညာကို အသုံးပြု၍ အခက်အခဲများကို ကျော်လွှား နိုင်ခဲ့ပါကြောင်း၊ သို့ပါ၍ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် SOMPO ကုမ္ပဏီတို့သည် ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံစီမံကိန်းကို စတင်အကောင်အထည် ဖော်ကြမည်ဖြစ်ပါကြောင်း၊ စမ်းသပ်စီမံကိန်းပြီးဆုံးပါက မြန်မာအစိုးရ၏ ထောက်ခံချက်ဖြင့် စီမံကိန်းဆောင်ရွက်မည့်နေရာဒေသများကို ပိုမိုချဲ့ထွင်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။

ယင်းနောက် သဘောတူစာချုပ်များအား မြန်မာ့အာမခံလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် Sompo Japan Nipponkoa Insurance Inc. မှ မြန်မာနိုင်ငံကိုယ်စားလှယ် Mr. Keiji Okada တို့အသီးသီး လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါသည်။